ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇူလိုင်- ၁၇

Thursday, July 17, 2025 - 17:30

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီ၊ ရာဇမဏိစူဠာ ကောင်းမှု တော်စေတီ၊ ရတနာစေတီဆင်များရှင်ဘုရားနှင့် မဟာစေတီ များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေသည့် အခြေအနေများ၊ စေတီတော်လုံးပတ်ပြန်လည်ပြုပြင် နေသည့်အခြေအနေများနှင့် စေတီတော်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ ထူပါရုံကျောက်စာတိုက်၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ တောလေးထပ်ကျောင်း တိုက်၊ ပထမဂန္တာရုံကျောင်းတိုက်၊ သောဘိတရာမရွှေသမားကျောင်းတိုက်၊ စိန်ရတနာ ကျောင်းတိုက်နှင့် ပထမကရစ္ဆာသယကျောင်းတိုက်များတွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြီး သတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ ဘက်စုံပြန်လည်ပြုပြင်နေသည့် အခြေအနေ များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက် နေကြ သူများကို အားဖြည့် အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် နှစ်(၇၀၀)ပြည့် အားကစားခန်းမနှင့် မဟာစည်းခုံကြီး စေတီတော်ရှိ သာသနာဗိမာန်တို့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ကြီးကြပ်၍ နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်နှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လူနေအဆောက်အဦများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု တို့ကိုလည်းကောင်း၊ သောတာပန် ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းဘေး ဝဲ/ယာ အပြိုအပျက် များအား လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်း နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။  

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ရတနာဓုဝံပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကနှင့် ဆရာတော် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရတနာဓုဝံ ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီများကို တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူပေါင်း၍ ကျန်းမာရေး ဆေးစစ်ဆေးခြင်း၊ ဆေးဝါကုသပေးခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်း စသည်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းဆောင်တော်ကြီး၌ စူဠာမုနိ ရုပ်ရှင်တော် မြတ်ကြီး၏ပလ္လင်တော် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားလည်းကောင်း၊ ရုပ်ရှင်တော်မြတ်ကြီး၏အပေါ်ရှိ မျက်နှာကျက်အမိုးများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ကြမ်းခင်းများ ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေး၍ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းတော်ကြီး၏ မဟာရံ တံတိုင်းများ ပျက်စီးနေမှုအား အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ လေသာကျောင်းတိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှု့အားပေးပြီး ကျောင်းထိုင်ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိ ဘုရားကြီး ဘဏ္ဍတော်ပိုင် တိုက်တန်းနှင့်ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်များ သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများ အား စက်ယန္တရားကြီး များအသုံးပြု၍  ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ နေ့စဉ် အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ ဖြစ်သည့်အတွက် လမ်းပိတ်ဆို့ မှုမဖြစ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး တို့အားမှာကြားပြီး တာဝန်ရှိသူ များ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။