ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် သပိတ် ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေး မြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုး လမ်းမကြီး နှင့်မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃) ပြည်ထောင်စု လမ်းမကြီးဖြင့် လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် တရုတ်- မြန်မာ နယ်စပ် စီးပွားရေး၏ အဓိက လမ်းမကြီးဖြစ်သော မန္တလေး- မူဆယ်လမ်းမကြီး (အမှတ် ၁၄ အာရှ လမ်းမကြီး)သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှ အရှေ့သို့ ဖြတ်သန်းပြီး ပြင်ဦးလွင်- မန္တလေးမှတဆင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြားမြို့ရွာများနှင့် ကျောက်မဲမြို့ မှတဆင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မြို့ရွာများသို့လည်း ဆက်သွယ် သွားလာနိုင်သည့် မြို့ဖြစ်သည်။
ရှမ်း၊ ဓနုနှင့် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြပြီး ဘာသာတရားအဆုံးအမနှင့်အညီ အေးချမ်းပျော်ရွှင်စွာ နေထိုင်လျက်ရှိ ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် နောင်ချိုမြို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး မွေးမြူရေး၊ ဓာတ်သတ္တု၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ ရေတံခွန်များ၊ ထုံးကျောက်ဂူများ၊ တောတောင်ရှုခင်းအလှများ၊ မတူကွဲပြားသော လူမျိုး စုများ၊ သမိုင်းဝင်နေရာများစွာရှိနေသော နောင်ချိုမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ခရီးသွားများ များစွာဝင်ရောက်မှုတို့နှင့်အတူ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသခံများ၏ လူမှုစီးပွားလည်း တိုးတက်စည်ပင်သာယာသည့် အေးချမ်း သည့် မြို့တစ်မြို့ဖြစ်သည်။
ထိုသို့ အေးချမ်းသာယာပြီး တိုးတက်မှုအဟုန်မြင့်မားနေသည့် နောင်ချိုမြို့သို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှ စတင်၍ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဒေသခံပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက် ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းများကြောင့် ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့/ရွာ များရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီတိုက်ပွဲရှောင်စခန်းများသို့ မိမိတို့၏ တိုက်တာ အိုးအိမ်အဆောက်အအုံများ၊ ဥစ္စာ ပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် နောင်ချို မြို့ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့နှင့် မိမိတို့၏ တပ်ရင်းဌာနချုပ်များ၊ ရန်သူ့လက်တွင်းသို့ မကျဆုံးစေရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အပြင်း အထန်ခုခံခဲ့သော်လည်း ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြား လာခြင်းတို့ကြောင့် ကြားခံစစ် အဆင့်ဆင့်ဖြင့် ခံစစ်ဆင်ဆုတ်ခွာခဲ့ကာ တောင်ခမ်း တပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ နယ်မြေခံတပ်များနှင့် ပူးပေါင်း၍ တောင်ခမ်းနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် ထိစပ်နေသည့်ဒေသတို့၌ ယာယီခံစစ်ဆင်ကာ အကြမ်းဖက် အဖွဲ့များ၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံခဲ့သည်။
နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားရှိပြီး စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင် လာသည့် TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှ စတင်၍ တောင်ခမ်းတပ်နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်နေရာ ယူပြီး ရွာသူ/ရွာသားများအား လူသားတံတိုင်းသဖွယ် အသုံးပြု၍ တပ်မတော်စစ်ကြောင်း များနှင့် တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြရာ မိမိ တပ်များက စစ်ဗျူဟာအရေးကြီးမြေများတွင် ဖြန့်ခွဲ၍ အသင့် ခံစစ်ပြင်ဆင်ခုခံတိုက်ခိုက်မှု များကြောင့် အလွယ်တကူ ထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ Drone များ၊ လက်နက်ကြီး များအသုံးပြု၍ တပ်ရင်းဌာနချုပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ငယ် များခွဲကာ အလစ်အငိုက်တိုက်ခိုက်ခြင်းများ၊ အဓိက အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက် နေသည့် နောင်လင်း-မဲပုတ်-ဈေးကုန်းလမ်း၊ နားရှိုး-ဈေးကုန်းလမ်းဆုံတို့အား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ ယာပြင်-အင်းဖို-တောင်ရှည် လမ်းကြောင်းအား ထိုးဖောက်ဝင်ရောက်၍ တောင်ခမ်းရွာနေရာများကို ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်း၊ နောင်လင်း-မဲပုတ်-မကျည်းရေလမ်းကြောင်းမှတစ်ဆင့် တပ်မတော်စခန်းများအား တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြင်ဦးလွင်-နောင်ချို ဆက်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကျောက်ကြမ်း၊ အုမ္မခါး၊ ရေမောင်းတန်း၊ အုမ္မသီး၊ ဘန့်ဘွေးဒေသနှင့် ပြင်ဦးလွင်-မိုးကုတ် လမ်းကြောင်းပေါ်ရှိ ဟိုခို၊ သံဘို၊ ကျောက်မဲလေး ဒေသအထိ တိုးချဲ့တိုက်ခိုက်လာခဲ့သည်။
ထိုသို့တိုက်ခိုက်ခြင်းများကြောင့် တောင်ခမ်းဒေသသို့ တပ်မတော်မှ ကွန်မန်ဒို အဖွဲ့များ၊ စစ်ကူစစ်ကြောင်းများနှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား အမြန်ဆုံး ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများပူးပေါင်းကာ မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်း ဖော်ထုတ်၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာ များသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှု လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ အလားတူ ကျောက်မဲလေး ဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီးလမ်းခွဲတို့အား တန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ စိတ်ဓာတ်ရေးရာကို ပြင်းထန်စွာ ရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေး ထောက်ခံ မှုကို အပြည့်အဝ ရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင် အရာရှိ၊ စစ်သည်များသည် စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် အောင်မြေချဲ့ထွင်မှုများကို မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် အဆင့်ဆင့် ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်း တည်ဆောက်ထား သည့်နေရာများကို အဆင့်ဆင့်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပြီး နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်ရရှိရေး စစ်ကြောင်းများခွဲ၍ “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” တိုက်ခိုက်ခဲ့ရာ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီး တစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါး ကျေးရွာအထိအား ဇွန်လ ၂၅ ရက်တွင် လည်းကောင်း၊ ကျောက်ကြမ်းနေရာ တစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့နှင့် အဆိုပါဒေသတစ် ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး အဆင့်ဆင့်ပစ်ကျင်းများတူး၍ ချဉ်းကပ်ခဲ့ပြီး အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁၁ လ အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထင်ရှားသည့်တိုက်ပွဲများအနေဖြင့် ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့် (၁၁၃၀)တိုက်ပွဲ၊ ဇေတဝန်ဘုရားကုန်းတိုက်ပွဲ၊ မန်ကျည်းရေဘုန်းကြီးကျောင်း တိုက်ပွဲ၊ ထုံးဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်း တိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘုရားကုန်းတိုက်ပွဲ၊ မန်မော ကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာ တိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူး တိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့် တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံတိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲများဖြစ်ပြီး ရန်သူ့ထံမှ အလောင်း ၁၇၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်အား ဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ကစဉ့် ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ မိမိအိုးအိမ်နေရာများ၊ မိမိတို့၏ စိတ်အေးချမ်းသာ စွာဖြင့် ပြန်လည်နေထိုင်လိုသည့် ဆန္ဒ၊ အကြမ်းဖက် သောင်းကျန်းသူများ၏ အသက် အန္တရာယ် ရန်ပြုမှုဘေးမှ ကင်းဝေးပြီး အေးချမ်းစွာ မိမိလူမှုစီးပွားဘဝအတွက် ရှာဖွေ စားသောက်လုပ်ကိုင်လိုစိတ်ဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲကာလများမတိုင်မီ နိုင်ငံရေးခံယူချက် မတူညီမှုကြောင့် တပ်မတော်အား မထောက်ခံသူ လူနည်းစုဖြစ်သော အရပ်သားပြည်သူအချို့နှင့် နေအိမ်၊ ဥစ္စာပစ္စည်းများကို စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် ၎င်းတို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်သို့ ရောက်ရှိသွားပါက အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျသွား နိုင်သည်ကို လက်တွေ့သဘောပေါက်နားလည်လာသည့်အတွက် တပ်မတော်အား စိတ်အား ထက်သန်စွာ အားပေးထောက်ခံလာကြပြီး မြေပြင်သတင်းရရှိမှုများအား နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်။
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နောင်ချိုမြို့နှင့် ၎င်းဒေသအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာ အကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန် နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူ သွားလာလျက်ရှိသည့် လမ်းများအား မြေဖြတ်ခြင်းများ ပြုလုပ်ဖျက်ဆီး ခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင် အဓိက အချက်အခြာကျသည့် ဂုတ်တွင်းတံတားအပါအဝင် အခြားလမ်း/တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်စီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိ ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့အတွင်းသို့ ယာယီနေရပ် စွန့်ခွာ နေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ ဆောင်ရွက်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းအား ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်း များ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက် အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၎င်းကဲ့သို့ နောင်ချိုဒေသ၏ လုံခြုံရေး၊ ဒေသခံပြည်သူလူထု လိုလားတောင်းတ လျက်ရှိသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံခိုင်မာစေရေးကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက် ပေးနိုင်ခဲ့သည့် တိုက်ပွဲဝင် တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား မြဝတီရုပ်မြင်သံကြား အဖွဲ့သူ၊ အဖွဲ့သားများ အားလုံးက လေးစားစွာ ဂုဏ်ပြုပါကြောင်းနှင့် အလားတူ ရှေ့တန်းတိုက်ပွဲဝင် တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အတွက် အောင်နိုင်စိတ် ၊ တိုက်ပွဲဝင်လိုစိတ်စသည့် စိတ်ဓာတ်ခွန်အားအပါအဝင် လိုအပ် သည့် ကူညီထောက်ပံ့မှုများကို မဆုတ်မနစ်သော ယုံကြည်ချက်ဖြင့် ဖြည့်ဆည်းပေးခဲ့သော တပ်မတော်သားမိသားစု ပါရမီဖြည့်ဖက်များနှင့် တပ်မတော်ကို အားပေးထောက်ခံခဲ့ကြသူ အားလုံးကိုလည်း လေးစားစွာအသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ယူစွာ သတင်း ထုတ်ပြန်အပ်ပါသည်။
တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ် နေပြည်တော်၊ ၂၀၂၅ ဇူလိုင်-၁၆
Wednesday, July 16, 2025 - 16:00