ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းများအား မြို့နယ်အသီးသီး၌ ဖွင့်လှစ်လျက် ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များတွင်လည်း မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၁၄ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များသည် မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး အပါအဝင် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းသို့ သွားရောက်၍ သင်တန်းဖွင့်လှစ်သင်ကြားနေမှု၊ လက်တွေ့ သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အလားတူ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် မိုင်းတုံ မြို့နယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်လျက်ရှိသော သင်တန်း သွားရောက်၍ သင်တန်းဖွင့်လှစ်သင်ကြားနေမှု၊ လက်တွေ့သရုပ်ပြလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။