အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနေပြည်တော်၊ဥတ္တရသီရိရေလှောင်တမံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

Tuesday, July 15, 2025 - 16:00

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးပတ်လမ်း၊ မြေထိန်းနံရံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၁၅

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာနရှိ ရုံးပတ်လမ်း၊ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေ များကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

           ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥတ္တသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင် တည်ရှိသည့် ဥတ္တသီရိ ရေလှောင်တမံသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆည်အတွင်း ရေဝင်ရောက် ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန်အတွက် ဘူမိဗေဒတိုင်းတာခြင်း မြေစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ရေလှောင်တမံ ရေထုတ်ပြွန်မှ ရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခိုက် ပျက်စီးမှုများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

           ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

          အဆိုပါ ရေလှောင်တမံတွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အနေဖြင့် အရန်ရေပိုလွှဲလမ်းကြောင်း ဖော်ထုတ်ခြင်း၊ တမံအတွင်း ရေဝင်လမ်း ကြောင်းကို ချောင်းမကြီးဆည်ဘက်သို့ ပေ(၁၃၅၀) တူးဖော်ခြင်း၊ ပင်မရေပိုလွှဲတွင် ရေဝပ်နေရာကို ကွန်ကရစ်လောင်းခြင်း၊ ယာယီရေတားတမံနှင့် မူလတမံကြားရှိ ရေနှင့် သဲနုန်းများ စုပ်ထုတ်ရှင်းလင်းခြင်းနှင့် Tower အတွင်း ရေမဝင်အောင် Ring Bund ပတ်၍ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကွန်ကရစ် Tower အား ဖြိုဖျက်ခြင်းနှင့်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေတံခါးဖြုတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပေါက်ပြဲပျက်စီးခဲ့သည့် ရေထုတ် ပြွန်ကို ကွန်ကရစ်ဖြင့် အပြီးပိတ်ခြင်း၊ ရေလုံမြေဖြင့်ဖို့၍ ရေရှည်တမံ ကြံ့ခိုင်မှုရှိစေရန် တမံအရှေ့ဘက်မှ Banquette ဖို့ခြင်း၊ တမံအောက်ဘက် Downstream ဘက်ခြမ်း ထူးပေါက်နှင့် မြေကျွံကျမှုဖြစ်ပေါ်ခဲ့သော နေရာများမှ မြေသားများအား ဖယ်ရှားရှင်း လင်းပြီး တမံဖို့ရန် သတ်မှတ်ထားသည့် မြေအမျိုးအစားဖြင့် သတ်မှတ်ပုံစံအတိုင်း ပြန်လည်ကြိတ်ဖို့ခြင်း၊ ရေလွှဲမြောင်း Diversion Channel နေရာတွင် ၆ပေ x ၈ ပေ အရွယ် ရေတံခါးတစ်ခုကို ကွန်ကရစ်ဖြင့် တည်ဆောက်ခြင်း၊ ကွန်ကရစ်ပိုက်အတွင်း ကွန်ကရစ်လောင်းရန် Conduit ပိုက်အား အပေါက်ဖောက်ခြင်း၊ ပိတ်ဆို့ရမည့်နေရာ တပ်ဆင်နိုင်ရန် Socket ပြုလုပ် ခြင်းနှင့် ရေလွှဲကြောင်းအား ရေတံခါးတပ်ဆင်ရန်အတွက် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧက ၁၅၀၀ ၊ တမံအမြင့်ပေ ၆၀၊ တမံအလျား ပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့်  ၁၇ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးချစ်ဆွေနှင့် ဦးမျိုးသန့်တို့က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံနှင့် ရုံးပတ်လမ်း ပြန်လည်တည်ဆောက်ရန်အတွက် မြေသားစမ်း သပ်ခြင်း၊ ကွန်ကရစ်လမ်း နိမ့်ကျွံကွဲအက်ပျက်စီးခဲ့သောနေရာတွင် ၁၂ ပေအကျယ် မြေသားလမ်းခင်းခြင်း၊ သံကူကွန်ကရစ်နှင့် Bored Pile ကျောက်စီမြေကာနံရံ အသစ် တည်ဆောက်ခြင်း၊ ယာယီရေထုတ်မြောင်း တည်ဆောက်ခြင်းနှင့် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် RC မြေထိန်းနံရံများတည်ဆောက်ရန်အတွက် Bored Pile  တူး ဖော်နေမှု၊ ရုံးဝင်းအတွင်း Prefabricated Office ( ၄၀ ပေ  x ၄၀ပေ ) နှင့် ( ၄၀ ပေ  x ၆၀ ပေ ) များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။