KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စိစစ်ဆဲနိုင်ငံခြားသားအချို့၏ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေရန် စစ်ရေးဆိုင်ရာ အကြံပေးမှုနှင့် ဆေးကု သရေးအဖွဲ့အချို့ ကိုယ်တိုင်ပါဝင်ပြီး မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အခြာလမ်းဆုံတစ်ခုဖြစ် သည့် မိုးဗြဲမြို့ တစ်မြို့လုံးအား ထိန်းချုပ်ခဲ့မှုအပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation)ကို အဆင့်ဆင့် ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့၍ မိုးဗြဲမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည် နောက် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေးလမ်းပိုင်းအပါအဝင် ၎င်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထား သည့် ဝါရီကောခူ နှင့် ဆောင်ကန်း(ကယား) ကျေးရွာ ၂ ရွာတို့အား ဇူလိုင်လ ၇ ရက်နေ့ မှစတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိ သည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြီးတိုင် ရှင်းလင်းနိုင်ခဲ့သည်။
ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ ၃ ဦး သေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက် နှင့် ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး မိမိအရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့မှ ပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီး မြို့နှင့် အောင်ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့ နှစ်သက်ရာ၊ သင့်ရာ ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ကြပြီဖြစ်ကာ လွိုင်ကော်မြို့ သို့ ကုန်စည် စီးဝင်၊ စီးထွက်မှုများမှာလည်း ပိုမိုလွယ်ကူလျင်မြန်ခြင်းမှတစ်ဆင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးဒဏ်သင့် မြို့ရွာများရှိ ဒေသခံပြည်သူလူထုများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့မှ လည်း အထိုက်အလျောက် သက်သာစေမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိ ဖြစ်ရမှုတို့ကိုလည်း ကြားသိရပါကြောင်းနှင့် မြဝတီရုပ်မြင်သံကြား အဖွဲ့သူ၊ အဖွဲ့သား အားလုံးမှ တိုက်ပွဲဝင် တပ်မတော်သား အရာရှိ၊ အကြပ်၊ စစ်သည် များအား လေးစားစွာဖြင့် ဂုဏ်ပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။