နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

Thursday, July 10, 2025 - 16:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် နေပြည်တော်၊ ဇူလိုင် - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် မိတ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွား ရောက် ကြည့်ရှုအားပေးစကားပြောကြားသည်။

ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက် ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦး ချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ဆေးရုံတပ်မှူးက ဆေးရုံသမိုင်းအကျဉ်း၊ တပ်မတော်သားများနှင့် ဒေသခံပြည်သူများအား ဆေးအကာအကွယ်ပေးရေးလုပ်ငန်း များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ အထူးကုသ မှုများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများ၊ အစားထိုးခွဲစိတ်ကုသရေးလုပ်ငန်းများနှင့် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်နှင့် သက်သာချောင်ချိရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ချိန်တွင် ပြည်သူ့ကျန်းမာရေး ဟောပြောမှုများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အရက်သေစာသောက်စားမှု များကြောင့် ကျန်းမာရေးထိခိုက်မှုဖြစ်ပေါ်မှုများနှင့်ပတ်သက်၍လည်း ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားပြီး ဆေးရုံလိုအပ်ချက်များ ကိုမေးမြန်းကာ ဆေးရုံအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများနှင့် ကုသမှုဆိုင်ရာ အဆောက်အဦများ အဆင့်မြှင့်တင် တည်ဆောက်ပေးမည့်အခြေအနေများကို တာဝန်ရှိ သူများအား မှာကြားသည်။

မိတ္ထီလာတောင်ကန်ဘောင်(ရန်ကုန်-မန္တလေး)လမ်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မိတ္ထီလာတောင်ကန်ဘောင်(ရန်ကုန်-မန္တလေး)လမ်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် ကန်ပေါင် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မိတ္ထီလာကန်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကန်ပေါင်ပတ်လမ်းနှင့် ပလက်ဖောင်းများစနစ်တကျဖြစ်စေရေး၊ ကန်ပေါင်ပေါ်၌ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်ရေး တို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

မိတ္ထီလာခရိုင်အားကစားကွင်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်းသို့ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခရိုင် အဆင့်အားကစားကွင်းဖြစ်သည်နှင့်အညီ အားကစားကွင်းနှင့်အားကစားကွင်းပုံစံအား အဆင့်မီပြုပြင်နိုင်ရေးခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပွဲကြည့်ပရိသတ်များ အဆင့်မီမီကြည့်ရှုအားပေးနိုင်ရေး ခရိုင်အဆင့်နှင့်လျော်ညီသည့်ပွဲကြည့်စင်ပါရှိသည့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။