နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် (MSME)လုပ်ငန်းရှင်များအား တွေ့ဆုံ၍

Thursday, July 10, 2025 - 16:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် (MSME)လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား နေပြည်တော်၊ ဇူလိုင် - ၁၀
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် (MSME) လုပ်ငန်းရှင်များအား မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားသည်။
    အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ
    ဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာခရိုင်အတွင်းသို့ ရောက်ရှိ စဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ မန္တလေးငလျင် ကြီးကြောင့် နိုင်ငံပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ အပေါ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိမှု၊ ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မှု၊ မိတ္ထီလာမြို့ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းရေးဆွဲဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆိုလာဓာတ်အားပေးစက်ရုံများ တည် ဆောက်လည်ပတ်လျက်ရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ခရိုင်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေပေးဝေရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ 
    ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက မိတ္ထီလာခရိုင်အတွင်း သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းကောင်းမွန်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုရှိ စေရေး၊ မိတ္ထီလာမြို့ ရေရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီး အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့်အညီ  ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြ သည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
    တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင် အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိတ္ထီလာဒေသစိမ်းလန်းစိုပြေရေးအတွက် ဒေသအလိုက်၊ ရပ်ကွက် ကျေးရွာများအလိုက် Green Zone များ ဖော်ဆောင်ကြရန်လိုကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက်ဆောင်ရွက်ရန်မှာ သစ်ပင် စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်တစ်ခုချင်းစီအလိုက် မိမိတို့ကျေးရွာ၏အနီး ဝန်းကျင်တွင် သစ်တော သစ်ပင်အနည်းဆုံး ၂ ဧကခန့် စိုက်ပျိုးခြင်းများကို ဆောင် ရွက်၍ Green Zone များ ဖော်ဆောင်ကြရန်လိုကြောင်း၊  ရန်ကုန်-မန္တလေး လမ်း ဟောင်းနှင့် အမြန်လမ်းမကြီး လမ်းဘေးဝဲယာ၌သစ်ပင်များစိုက်ပျိုးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုပြီး ရှင်သန်မှုမရှိသည့်သစ်ပင်များ၊ ရှင်သန်မှုရှိ ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးသွားခဲ့သည့်သစ်ပင်များ နေရာ၌ အစားထိုး ပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရာတွင် နောင်အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်မည့် လူဦးရေနှင့်အခြေခံလိုအပ် ချက်များကိုပါ ထည့်သွင်းတွက်ချက်၍ အသေးစိတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြစီမံကိန်းများတိုးချဲ့ရာတွင် နိုင်ငံ့ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံရေး၌ အဓိကကျသော လယ်မြေများကို အသုံးမပြုမိရန် လိုကြောင်း၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ ခရိုင်အတွင်းလိုအပ်သည့် လျှပ်စစ်ဓာတ် အားလုံလောက်စွာရရှိရေး ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း များကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရေဖူလုံမှုရှိစေ ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်သွားရန်လို ကြောင်း၊ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်စေရေး၊ မီးဖိုချောင်သုံးသီးနှံများ ပိုမို တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းကျောင်းနေ အရွယ်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ပညာရည် မြင့်မားစေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများအလိုက် ဒေသတွင်းတိုးတက်မှုရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြို့သာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းများသာမက မြို့နေလူထုမှလည်း ကိုယ်စီအသိစိတ် ဓာတ်ဖြင့် အတူတကွဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ သန့်ရှင်းသာယာလှပမှုကို ပိုမို ဖြစ်ပေါ် စေနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း ထိန်းသိမ်း ကြပ်မတ်ရန်တာဝန်ရှိသူများက စနစ်တကျထိန်းသိမ်းကြပ်မတ်ရမည်ဖြစ် သကဲ့သို့ စီးနင်းသူများကလည်း သတ်မှတ်စည်းကမ်းအတိုင်းလိုက်နာ ဆောင်ရွက် ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြား သည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မိတ္ထီလာဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ မှု၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမြေများကို စနစ်တကျဖြင့် မှန်မှန်ကန်ကန်အသုံးချမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ မိတ္ထီလာဒေသအတွင်း မြစိမ်းရောင်စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိမှု၊ ဝါစိုက်ပျိုးမှုနှင့်ထုတ်လု်ပမှု တိုးတက်စေရေး သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးထားမှုနှင့် ဝါကြိတ်စက်များ တည်ထောင်ပေးထားမှု၊ တောင်သူ များအတွက် လိုအပ်သည့်အကူအညီများပေးအပ်နိုင်ရေး ဆောင်ရွက်ပေး လျက်ရှိမှု တို့နှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး အလေးထားဆောင်ရွက်
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် မိတ္ထီလာဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက် ပေးခြင်းနှင့် လမ်းညွှန်မှာကြားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မိတ္ထီလာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်ခြင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ မိတ္ထီလာဒေသ တွင် ကြီးမားသည့် စက်ရုံအလုပ်ရုံများမရှိသော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင်ဖြစ်ပြီး စီးပွားရေး အား ကောင်းစေရန်အတွက် ဒေသတွင်းဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝင်ငွေရရှိရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ရန်လိုပြီး ကုန်ထုတ် လုပ်မှုများအတွက်လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ လုံလောက်စွာ ရရှိ စေရေး သက်ဆိုင်ရာဌာနများအလိုက် သုတေသနလုပ်ငန်းများကို စနစ်တကျဆောင် ရွက်သွားရန်လိုကြောင်း၊ မိတ္ထီလာဒေသရှိ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ် နှင့် ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာဌာနများနှင့် ပညာရှင်များက မိတ္ထီလာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် လက်တွေ့အသုံးချသွားရန်လိုပြီး အခြားဒေသ များတွင်လည်း ထိုသို့ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စီတာဝန်များကို ကျေပွန် အောင်ထမ်းဆောင်ခြင်းဖြင့် လုပ်ငန်းရပ်များ တစ်ခုချင်းစီအလိုက် အောင်မြင်မှုရရှိ လာမည်ဖြစ်ပြီး ဒေသနှင့် နိုင်ငံ၏ စီးပွားသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
    ကမ္ဘာ့နိုင်ငံများတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများ အများအပြားရှိကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများ၊ နိုင်ငံရေး မတည် ငြိမ်မှုနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများကို ထိုက်သင့်သလောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိခြင်း ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း။  
စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ခြင်းဖြင့် ဒေသဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်
    နိုင်ငံ့စီးပွားအားကောင်းစေရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု အားကောင်းရန်အတွက် နည်းပညာလိုအပ်ချက်များရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် “မျိုး၊ မြေ၊ ရေ၊ နည်း” စသည့်နည်းလမ်းလေးသွယ်သည် အရေးကြီးကြောင်း၊ အဆိုပါနည်းလမ်းလေးသွယ်အတိုင်း စနစ်တကျစိုက်ပျိုး ဆောင် ရွက်မှသာ တစ်ဧကချင်းအထွက်နှုန်းများတိုးတက်လာပြီး စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ တွက်ချက်မှုများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိတ္ထီလာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုသည် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့ဘဲ ပျမ်းမျှတစ်ဧကလျှင် ၆၂ ဒသမ ၆၅ တင်းသာထွက်ရှိ ခဲ့သဖြင့် ၃၇ ဒသမ ၃၅ တင်း လျော့နည်းခဲ့ကြောင်း၊ အဆိုပါအချိန်တွင်စပါးတစ်တင်း၏ ကာလပေါက်ဈေးမှာ ၂၂၀၀၀ ကျပ် ရှိသဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီသောကြောင့် ငွေကျပ် ၁၀ ဒသမ ၃၆၉ ဘီလီယံလျော့နည်းဆုံးရှုံခဲ့ရကြောင်း၊ မိတ္ထီလာခရိုင်တစ်ခုလုံး တွင် မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့သဖြင့် ငွေကျပ် ၇၉ ဒသမ ၇၉၁ ဘီလီယံဝင် ငွေလျော့နည်းခဲ့ရကြောင်း၊ အလားတူ နွေစပါးထွက်ရှိမှုတွင်လည်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် ၄ ဒသမ ၆ ဘီလီယံဝင်ငွေလျော့နည်း ခဲ့ကြောင်း၊ မြေပဲစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် ငွေကျပ်  ၄၆ ဒသမ ၈၉၅ ဘီလီယံ လျော့နည်းခဲ့ကြောင်း၊ နှမ်းစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် ၅၈၀ ဒသမ ၄၈ ဘီလီယံ လျော့နည်းခဲ့ကြောင်း၊ နေကြာ၊ ပဲတီစိမ်းစသည့် သီးနှံများအပါအဝင် မိတ္ထီလာခရိုင်အတွင်း တစ်ဧကပန်းတိုင်ရည်မှန်း ချက်အထွက်နှုန်း မပြည့်မီမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် စုစုပေါင်း ငွေကျပ် ၉၈၀ ဘီလီယံခန့် လျော့နည်းဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိ အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသစီးပွားရေးကို များစွာအထောက်အကူပြု နိုင်သည်ကို တွေ့ရှိရသဖြင့် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
    စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်မှုရှိစေရေး စိုက်ပျိုးသည့်မျိုးများကောင်းမွန် ရန်လိုပြီး မျိုးကောင်းမျိုးသန့်များရရှိစေရေးအတွက် သုတေသနပြုလုပ် စိုက်ပျိုးရန် လိုကြောင်း၊ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုက်ဆံလျှော်များ စိုက်ပျိုး ဆောင်ရွက်နိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် လည်း ဇီဝမြေဩဇာများကို အသုံးချနိုင် ကြောင်း၊ အလားတူ ရေလုံလောက်စွာရရှိရေး ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များကို အသုံးချ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေအောက်ရေများ၊ မိုးရေများနှင့် မြစ်ရေတင်စီမံကိန်းများမှ ရေများကို အသုံးချ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် နည်းစနစ်ကျနစွာဖြင့် စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကောက်ကွက်များအတိုင်း ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် အပင်များအားလုံး ရှင်သန်ဖြစ်ထွန်းမှုရှိစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်
    မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ စွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နိုင်ငံအတွင်း နေရာဒေသအနှံ့အပြား သို့ တင်ပို့နိုင်သည့် အခြေအနေကို ပိုင်ဆိုင်ထားရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုကို ဦးစွာဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြင်ပသို့ ဆက်လက်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လို ကြောင်း၊  ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုး မွေးမြူ ရေးထုတ်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME ထုတ် ကုန်များသည် ပြည်တွင်းဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင် ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် မီးဖိုချောင်သုံးသီးနှံများကို တိုးချဲ့စိုက်ပျိုး၍ တန်ဖိုးမြှင့်ပစ္စည်းအဖြစ်ထုတ်လုပ်ကာ တင်ပို့ရောင်းချခြင်းဖြင့် ဒေသ နှင့် နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒေသနှင့် ဒေသခံများ၏ လူမှု စီးပွားဘဝများသည်လည်း တိုးတက်ပြောင်းလဲဖွံ့ဖြိုးလာနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်
    မိတ္ထီလာဒေသအတွင်း ပညာရေးအားနည်းချက်များရှိနေသည်ကို တွေ့ရှိရပြီး တန်းစဉ်ကူးပြောင်းမှုလျော့နည်းပြီး ကျောင်းနေရာခိုင်နှုန်းနည်းပါးသည်ကို တွေ့ရှိ ရကြောင်း၊ ဒေသတစ်ခုနှင့် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာ ဒေသအနေဖြင့်လည်း ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားကြစေလို ကြောင်း၊ မိတ္ထီလာဒေသသည် ကောလိပ်များ၊ တက္ကသိုလ်များလုံလောက်စွာရှိပြီးဖြစ်ပြီး ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဒေသ တွင်းပညာတတ်များ ပေါကြွယ်ဝစေရေး အားပေးဆောင်ရွက်သွားကြစေလိုကြောင်း။
    ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ ခိုင်မှုရှိစေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် စပ်ဆက်၍ အားကစားကဏ္ဍမြင့် မားရေးကိုလည်း အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အားကစားရုံများ၊ အားကစားကွင်းများ အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍ အခြေခံအဆောက်အဦနှင့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံမှသာလျင် အားကစားစိတ်ဓာတ်များပြည့်ဝလာ မည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ လေ့ကျင့်အားထုတ်နိုင်မည်ဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းနှင့် ကြံ့ခိုင်မှုအပိုင်း ပြည့်ဝမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားကဏ္ဍမြင့်မားမှုရှိစေရေး အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း။
မြေအသုံးချမှုများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လို
    မိတ္ထီလာခရိုင်အတွင်း စည်းကမ်းစနစ်တကျရှိစေရေးနှင့် မြေယာအသုံးချမှုများ မှန်ကန်မှုရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေ အသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့် အညီသာဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဥပဒေကသတ်မှတ် ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
    မိမိတို့အနေဖြင့် ယခုနှစ်နှစ်ကုန်ပိုင်းတွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေး ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံးဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ် ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ မဲစာရင်းများမှားယွင်းမှုမှုရှိစေရေး၊ မဲမသမာမှုမဖြစ်စေရေးတို့အတွက် စနစ် တကျကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်၌ နိုင်ငံ တကာမှလေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အချို့နိုင်ငံများက လာရောက်ရန်သဘောတူပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မိတ္ထီလာခရိုင်အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
    တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့် ထုတ်လုပ်ရေးလုပ်ငန်း
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခရီးစဉ်တွင်လိုက်လာသည့် အဖွဲ့ဝင်များနှင့်အတူ မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့် တိုးချဲ့၊ နယ်မြေ (၈)၊ ကျီတော်ကုန်းရပ်ကွက်ရှိ သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးတင့်နိုင်ဝင်းနှင့် ဒေါ်သန္တာမျိုး တို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လုပ်ငန်းမှထုတ်လုပ်လျက်ရှိသည့် ငရုတ် သီးမှုန့်ထုတ်ကုန်များထုတ်လုပ်ထားရှိမှု၊ ပိုးသတ်ပြီးငရုတ်သီးများအား နေရောင်ခြည် စွမ်းအင်သုံးအခြောက်ခံစက် (Solar Dryer Domes) အတွင်း၌ ငရုတ်သီးအမျိုးအစား အလိုက် Moisture (၈ မှ ၁၀) အထိ ကျအောင်အခြောက်ခံထားရှိမှု၊ ငရုတ်ခြောက် များအား အညှာခြွေသန့်စင်မှု၊ သန့်စင်ပြီးငရုတ်ခြောက်များအား မှိုဝင်မှုမရှိစေရေး Moisture ၅ အထိကျအောင်အခြောက်ခံ၍ ကြိတ်ခွဲနေမှု၊ ထွက်ရှိလာသည့် ကုန်ချော များကို Packing ထုပ်ပိုးနေမှု စသည်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအဆင့်ဆင့်အား လိုက်လံကြည့်ရှုပြီး လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကာ အားပေးစကားပြောကြားသည်။
    အဆိုပါ သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၈၀ ခုနှစ်ကတည်းက စတင်တည်ထောင်ထုတ်လုပ်ခဲ့သည့် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး လက်ရှိအချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေး အတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာဒေသအတွင်း၌ ဒေသတွင်း တန်ဖိုး မြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရမည်ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ဒေသမှထွက်ရှိသည့် ငရုတ်သီးများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများဖြင့် ငရုတ်ချဉ်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် ငရုတ်ဆော့ စသည်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ မိတ္ထီလာခရိုင်အပြင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တာချီလိတ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ ဘုတ်ပြင်း၊ နမ့်ဆန်၊ တောင်ကြီး၊ ရွှေညောင်၊ ပဲခူး၊ တောင်ငူ တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ် MSME ကုန်စည်ပြပွဲများ၌ ပြသဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသ တွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်ဖြစ်သဖြင့် ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိဘမေတ္တာ အဆင့်မြင့်ဆန်စက်လုပ်ငန်း
    ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် ခရီးစဉ်တွင်လိုက်လာသည့် အဖွဲ့ဝင်များနှင့်အတူ မိတ္ထီလာမြို့၊ မိဘမေတ္တာ အဆင့်မြင့်ဆန်စက်လုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးအောင်ရဲကျော် နှင့် အဖွဲ့ ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှကြိတ်ခွဲထုတ်လုပ်လျက်ရှိသည့် ဆန်များ အား ကြည့်ရှုပြီး ဆန်စက်များမှ ထွက်ရှိလာသည့် စပါးခွံများကို အလေအလွင့်မရှိစေ ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် ထင်းသုံးစွဲမှုကို လျော့ကျစေသည့် ထင်းအစား ထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှု၊ အဆိုပါ စပါးခွံလောင်စာတောင့် အသုံးပြု သည့် Gasifier စက်ဖြင့် အင်ဂျင်လည်ပတ်ကာ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား ပြန် လည်ထုတ်လုပ်နေမှု၊ စပါးအခြောက်ခံစက်အသုံးပြု၍ စပါးများအား အခြောက်ခံနေမှု၊ စပါးကြိတ်ခွဲစက်များမှ စပါးများ ကြိတ်ခွဲနေမှုတို့ကို လိုက်လံကြည့်ရှုပြီး လုပ်ငန်းရှင် နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကာ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။