ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

Wednesday, July 9, 2025 - 16:45

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူတစ်ဦးသေဆုံး

နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၉

            အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

            ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်တွင် ကချင် ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်သို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်းရှိ သွပ်မိုး/ပျဉ်ကာ ၆ ခန်းတွဲနေအိမ်လိုင်းခန်းပေါ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် နေအိမ်လိုင်းခန်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဒေါ်မေရီဇင်အောင်(၃၄)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါရုံးမှယာဉ်မောင်းဖြစ်သူ ဦးသန်းထိုက်စိုး (၃၃)နှစ်၊ ဒေါ်အေးအေးခိုင်(၄၇)နှစ်နှင့် ဒေါ်နွဲ့ကြည်(၆၂)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

            ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။