ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၉

Wednesday, July 9, 2025 - 15:45

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန်လ ၂၂ ရက်နေ့ညနေ ၃ နာရီတွင် ကျောက်ဆည်နှင့်မိတ္ထီလာ ခရိုင်ချင်းဆက်လမ်း၊ တောင်တော် ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နန်းသီရိအောင် ၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့် စောရန်နိုင် တို့အား ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၌ FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၃ ဦးအနက် ဟန်ထွန်းနိုင်(ခ) စိုင်းကျော်မိန်း သည် မူးယစ်အမှုများဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားနှင့် ဇော်ဇော်နောင်(ခ)ကိုနောင်တို့အား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးတစ်ဦး ဖြစ်ကြောင်း၊ ဖော်ထုတ်ချက်အရ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနှင့် မိုင်းရယ်မြို့နေ စိုင်းစောတို့က မူးယစ်ဆေးဝါးများကို လွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။