ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် ကင်ညာနိုင်ငံသား တစ် ဦးကို  သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး စာရင်းကောက်ယူနေမှု ကြည့်ရှုစစ်ဆေး

Sunday, July 6, 2025 - 16:45

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် ကင်ညာနိုင်ငံသား တစ် ဦးကို  သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး စာရင်းကောက်ယူနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၆

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် နှင့်တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးသို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသား ၁၇ ဦး၊ ကင်ညာနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၈ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် အချက်အလက်များ စာရင်းကောက်ယူနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

 ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကို စာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိစေရေးနှင့် လုပ်ငန်း များစနစ်တကျဖြင့် မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား  စုစုပေါင်း ၉၁၉၈ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ  ၎င်းတို့အနက်မှ ၈၉၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။