စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ စည်သူဘွဲ့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက စစ်ကိုင်းတိုင်း ဒေသကြီး ရွှေကျင်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနာဓုဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး လေးကျွန်းမာရ်အောင် မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာကိုပြုလုပ်ကြသည်။ ၎င်းနောက် ရွှေမိုးငွေမိုးများရွာသွန်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။