မရမ်းကုန်းမြို့နယ်ရှိ အင်းယားစင်တာနှင့် မြန်မာကွန်ဗင်းရှင်းစင်တာတို့တွင် COVID-19 ပိုးတွေ့ လူနာများနှင့် ဆက်စပ်လူနာများ ထားရှိရန်ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှု နေပြည်တော်၊ ဇွန် - ၁၅

Wednesday, June 16, 2021 - 09:15

မရမ်းကုန်းမြို့နယ်ရှိ အင်းယားစင်တာနှင့် မြန်မာကွန်ဗင်းရှင်းစင်တာတို့တွင် COVID-19 ပိုးတွေ့ လူနာများနှင့် ဆက်စပ်လူနာများ ထားရှိရန်ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှု

နေပြည်တော်၊ ဇွန် - ၁၅

         ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အင်းယားစင်တာနှင့် မင်းဓမ္မလမ်း ပေါ်ရှိ မြန်မာကွန် ဗင်းရှင်းစင်တာ (MCC) ၌ COVID-19 ပိုးတွေ့လူနာများ ထားရှိရေး ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။

         တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့အား မရမ်းကုန်း မြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာမှ ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိသူများက စင်တာ၌ COVID-19 ပိုးတွေ့လူနာ ၂၀၀ ဦး ထားရှိနိုင်ရေး လိုအပ်သည်များပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)မှ တာဝန်ရှိသူများက စင်တာ၌ COVID-19 ဆက်စပ်လူနာ ၂၅၀ ဦးထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးပြီး စင်တာများ၌ လူနာများ အတွက် အောက်ဆီဂျင်လုံလောက်စွာရရှိရေး၊ အစားအသောက်၊ နေရာထိုင်ခင်း၊ စေတနာ့ဝန်ထမ်းများဖွဲ့စည်းထားရှိမှုနှင့် PPE ဝတ်စုံ လိုအပ်မှုများကို ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။