(၃၇)ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး ၊ စစ်ဦးစီးအရာရှိချုပ် နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ

Friday, July 4, 2025 - 17:00

(၃၇)ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး ၊ စစ်ဦးစီးအရာရှိချုပ် နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ

နေပြည်တော်၊  ဇူလိုင် ၄

              ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

              ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်  Lt. Gen. Kittipong Jamsuwan တို့သည် အမှာစကား အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန် မိတ်ဆက် ကြသည်။ ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အပြန် အလှန်နုတ်ဆက်ကြသည်။

              အဆိုပါ (၃၇)ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်း အဝေးတွင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေး ခဲ့ကြသည်။

              ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။ ညစာ သုံးဆောင်နေစဉ်အတွင်း ထိုင်း ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအဆိုအကများဖြင့် သီဆို ကပြဖျော်ဖြေကြသည်။ ညစာစားပွဲအပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ပေးအပ်ကြသည်။

               အစည်းအဝေးဒုတိယနေ့ကို ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းတွင် Green Lake Resort ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံကိုယ်စားလှယ် ခေါင်းဆောင်များက (၃၇)ကြိမ်မြောက် မြန်မာ - ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ် ကြကာ အမှာစကားများအသီးသီး ပြောကြားကြသည်။

              ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။

              နေ့လယ်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့မှ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ် Gen. Thongchai rodyoi နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမျိုးသားကာကွယ်မှု လေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီး Gen. Pongtep Gaewchaiyo တို့အား သီးခြားစီတွေ့ဆုံသည်။ တွေ့ဆုံစဉ် မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အလျင် အမြန် ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ နှင့် (၃၇)ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်း အဝေးကျင်းပဆောင်ရွက်ခဲ့ခြင်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ပြောကြားသည်။ ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ချစ်ကြည်ရင်းနှီးစွာ မိတ်ဆက်၍ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

              (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်း အဝေးသို့ တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များသည် ထိုင်းနိုင်ငံ သို့ ရောက်ရှိစဉ်အတွင်း ချင်းမိုင်မြို့ရှိ Wat Pa Dara Phirom Phra Aram Laung ဘုရားသို့ သွားရောက် လေ့လာဖူးမြော်ကြည်ညိုခြင်း၊ Queen Sirikit Botanic Garden နှင့် Central Festival Chiang Mai Shopping Mall တို့သို့ သွားရောက်လည်ပတ် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။