ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၄

Friday, July 4, 2025 - 17:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဝေဠုဝန် ငါးထပ်ကြီးဘုရား၊ ဘုရားဖြူစေတီ၊ မဟာစည်းခုံကြီးစေတီ၊ ရွှေစေတီဘာသန္တရ သင်တန်းကျောင်း၊ လေးကျွန်းမြေအုဠ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ မျိုးရင်ရင် သီလရှင် စာသင်တိုက်နှင့် မှန်ကူကျောင်းတိုက်တို့၌ ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီး ခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တာရား ကြီးများအသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေး ဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ် သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင်စေတီများရှိ သာသနိကအဆောက် အဆောက်အအုံများကို ဘက်စုံ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဇေယျာသို့ သွားရောက်ကာ ပညာရေးဝန်ထမ်း များ နေထိုင်မည့် Modular Houseများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ ရတနာပုံရပ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်း နေမှုအား ကြည့်ရှု့စစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ  အဆောက်အအုံများအား ထိခိုက်မှု မရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

          ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော် သို့သွားရောက် ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားရင်ပြင်တော် ပြန်လည်ပြုပြင် တည်ဆောက်နေမှု များအားလည်းကောင်း၊ ဂန္ဓကုဋိတိုက်ရှိ အမိုး ၊ တိုင်၊ ခုံး နေရာများ အား ပိုမိုခိုင်ခံ့အောင် သံချောင်းများအစားထိုး၍ ရှေးမူမပျက် ပြုပြင်ဆောင်ရွက် နေမှုများအား လည်းကောင်း၊ စေတီတော်၏ ထီးတော် ပြန်လည်တည့်မတ်ပြီးစီးမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော မြွေကြီး နှစ်ကောင်ဘုရားရှိ မြေထိန်းနံရံ ပြုပြင်နေမှုများအား ကြည့်ရှု့ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ပြန်လည်ပြုပြင် ပြီးစီးသွားသည့် ဓါတ်လှေ ကားအား ဘုရားဖူး ပြည်သူများအသုံးပြုနိုင်ရန် အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးနိုင်ရေး၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းအမွေအနှစ် လက်ရာများဖြစ်သည့်အတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားပြီး တာဝန် ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။