နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ -၂၀၂၅ သို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် - ၃

Thursday, July 3, 2025 - 18:00

    နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025 ကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ မူပိုင်ခွင့်ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်တွင်းပြည်ပ စာတမ်း ရှင်များ၊ ဥပဒေကျွမ်းကျင်သူပညာရှင်များ၊ မူပိုင်ခွင့်ဆိုင်ရာ ပါရဂူဘွဲ့သင်တန်းသားများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025 ကို Digital နည်းပညာအသုံးပြု၍ အခမ်းအနားကိုဖွင့်လှစ်ပေး သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ညီလာခံအထိမ်းအမှတ် တေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားမှုသည် ကဏ္ဍအလိုက် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှု များပြားလာမှုစသည့်အချက်များ အပေါ် တွင်မူတည်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် မူပိုင်ခွင့်ကိစ္စသည် ပိုမိုကျယ်ပြန့်လာပြီး မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက် ရာတွင် ခိုင်မာတောင့်တင်းသည့် မူပိုင်ခွင့်စနစ်တည်ရှိနေခြင်းသည် စက်မှုဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးတို့အတွက် များစွာ အထောက် အကူပြုစေမည် ဖြစ်ကြောင်း။
မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ၏ မူပိုင်ခွင့်စနစ် ကျင့်သုံးနေမှု အခြေအနေ၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက် ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့နိုင်ငံတကာမူပိုင်ခွင့် ညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတ များ မြင့်မားတိုးတက်စေရန်၊ ဆန်းသစ်တီထွင်မှု၊ ဖန်တီးနိုင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကို မြှင့်တင်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့ သည်လည်း ညီလာခံ၏ ရည်ရွယ်ချက်များပင် ဖြစ်ကြောင်း၊ ယခုညီလာခံကြီးကို “မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့် ဂေဟစနစ်ကို အားကောင်းစေရန်” ဆိုသည့် ဦးတည်ချက်ဖြင့် ဆွေးနွေးသွားကြရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပုဒ်မ ၃၇(ဂ)တွင် “နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ ခွင့်ပြု ရမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၇၂ တွင်လည်း “ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်း ပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင် တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်ကအာမခံသည်” ဟုလည်း ပြဋ္ဌာန်းထားကြောင်း။
ထို့ကြောင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် တီထွင်ဖန်တီးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရန်အတွက် မူပိုင်ခွင့်ဥပဒေ(၄)မျိုးဖြစ်သည့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှှင့် စာပေ နှင့် အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်အတွင်း၌ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ်ထဲတွင်လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာတည်ခဲ့ပြီး အထူးဥပဒေ (Special Law) များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)နှင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ (WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သည့် ကုန်သွယ်မှု ဆိုင်ရာသဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights – TRIPS Agreement)ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလားတူအာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (ASEAN Framework Agreement on Intellectual Property Co-operation) ကိုလည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း။
ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC)တွင်ပါရှိသည့် အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြားသောဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံ တွေနည်းတူ မူပိုင်ခွင့်ကိစ္စများတွင် လိုက်နာကျင့်သုံး အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ဒေသတွင်းနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိ ကြောင်း၊  ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသား အဆင့်ဘက်စုံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP)ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါစီမံကိန်းများတွင် မူပိုင်ခွင့်ကအခန်းကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်နေ သည့်အတွက် ကဏ္ဍအားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် စက်မှုလုပ်ငန်း တည်ထောင်ခြင်းအပါအဝင် ဆန်းသစ်တီထွင်မှုများကို အားပေးမြှင့်တင်ရာတွင် မူပိုင်ခွင့်စနစ်ကျင့်သုံးခြင်းကများစွာ အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း။
ဆန်းသစ်တီထွင်မှုများသည် လူသားအားလုံးအတွက် အစဉ်အမြဲ လိုအပ်နေသည့် အရာဖြစ်ကြောင်း၊ ရှေးဦးတီထွင်ဆန်းသစ်သူများကြောင့်လည်း ဒီနေ့ဖွံ့ဖြိုးတိုးတက်မှု များကို မိမိတို့ရရှိခံစားနေကြရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်များ၊ သုတေသနဌာန များနှင့် MSME လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးမည့် ဂေဟစနစ်တစ်ရပ်ကို လည်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းရှင်များ အသုံးပြုလျက်ရှိကြသည့် အမှတ်တံဆိပ်များ၊ ထုတ်လုပ်သည့် ဖန်တီးမှုဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများနှင့် စာပေ နှင့် အနုပညာလက်ရာများသည် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ဖြင့် အကာ အကွယ် ရယူနိုင်မည် ဖြစ်ကြောင်း။
တက္ကသိုလ်များနှင့် သုတေသနဌာနများက တီထွင်ဖန်တီးမှုများကို ဈေးကွက် တွင် ဖြန့်ဖြူးနိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက် သောကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေသည့် စနစ်တစ်ရပ်ဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍတွင် မူပိုင်ခွင့်အသုံးချမှုမြှင့်တင်နိုင်ရေးကိုလည်း တွန်းအားပေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ယနေ့ကစပြီး ကျင်းပပြုလုပ်မည့် နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ- ၂၀၂၅ တွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍ အစုံက ဆောင်ရွက်နေမှုများ၊ နည်းပညာတိုးတက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်အကာအကွယ် ယူခြင်းကဏ္ဍ၊ ဒစ်ဂျစ်တယ်မီဒီယာနှင့် မူပိုင်ခွင့်၊ ဒေသထွက်ကုန်နှင့် ရိုးရာအသိပညာ များကို မူပိုင်ခွင့်နှင့်အကာအကွယ်ပေးခြင်းစသည့် ကဏ္ဍများကို ဆွေးနွေးသိရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ သုတေသနစာတမ်း များကတစ်ဆင့် မူပိုင်ခွင့်၏ အရေးပါပုံနှင့် မူပိုင်ခွင့်ဆိုင်ရာအသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေမည်လည်း ဖြစ်ကြောင်း။
ထို့အပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အနာဂတ်လူငယ်များ အနေဖြင့် မူပိုင်ခွင့်ဆိုင်ရာနယ်ပယ်တွင် အောင်မြင်သည့်နည်းလမ်းများ၊ အကောင်းဆုံး အလေ့အကျင့်များနှင့် သင်ခန်းစာများကို လေ့လာဆည်းပူး အသုံးပြုနိုင်ကြမည်လည်း ဖြစ်ကြောင်း၊ ညီလာခံကို တက်ရောက်လာကြသူများအနေဖြင့်လည်း ပညာရှင်များ ဖတ်ကြားမည့် မူပိုင်ခွင့်ဆိုင်ရာ သုတေသန စာတမ်းများမှ ဗဟုသုတများနှင့် တွေ့ရှိချက်များကို လေ့လာသုံးသပ်ပြီး မူပိုင်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် မူပိုင်ခွင့်ဆိုင်ရာအသိအမြင်များကို ပိုမိုတိုးတက် မြင့်မားလာပြီး ရရှိသည့် အသိပညာများကို လက်ဆင့်ကမ်းမျှဝေအကျိုးပြု နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း။
နိုင်ငံတကာမူပိုင်ခွင့်ညီလာခံမှတစ်ဆင့် ရရှိလာမည့် ဆွေးနွေးသုံးသပ်ချက်ရလဒ် ကောင်းများနှင့် လေ့လာတွေ့ရှိချက်များကို စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ်ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားတစ်ရပ်အဖြစ် အသုံးချသွားကြရန်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက် တာဝန်ခံဝန်ကြီးဌာန နှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း ဖြင့် ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) Documenteary ကိုကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) အထိမ်းအမှတ်ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025)အား ဇူလိုင် ၄ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ် ပြီး ပြည်တွင်းပြည်ပမှ စာတမ်းရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပါဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။