နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော် ဇူလိုင် ၃

Thursday, July 3, 2025 - 18:00

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိ ရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်း ရေးမှူး၏ ဇနီး၊ တွဲဖက် အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၏ ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ မြန်မာ့စီးပွားရေးဉီးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဉပဒေဆိုင်ရာခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်၊ အခွန်အယူခံခုံရုံး အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အမျိုးသမီး ကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကဏ္ဍအလိုက်ထူးချွန်ဆုရရှိသော အမျိုးသမီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က Video Massage ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။
    ထိုသို့ ပြောကြားရာတွင် ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့သည် နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ နိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍ အသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသော ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုသည့်နေ့လည်းဖြစ်သလို အလွှာပေါင်းစုံက အမျိုးသမီးများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန် ကျင်းပပြု လုပ်ခြင်းဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း။
    မြန်မာအမျိုးသမီးများသည် သနားကြင်နာတတ်သူများ၊ ကြံ့ကြံ့ ခံနိုင်သည့် သူများ၊ စွမ်းဆောင်ရည်ရှိသူများ ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ၊ အတတ်ပညာနှင့် အနုပညာစသည့် နယ်ပယ်အသီးသီးတွင်သာမက နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များအထိပါ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြ တာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါကြောင်း၊ မျက်မှောက်ကာလတွင်လည်း မြန်မာ အမျိုးသမီးများသည် ကဏ္ဍအသီးသီး၏ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အဆင့်များတွင်ပါ ပါဝင်ဆောင်ရွက်နေကြသည်ကို သိသာထင်ရှားစွာ တွေ့မြင် နေရပြီဖြစ်ကြောင်း။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာ ဘဲ တာဝန်ယူရသည့်အချိန်တွင် နိုင်ငံနှင့်မိမိ၏တာဝန်ကို ချစ်မြတ်နိုးတန်ဖိုးထားသည့် အမျိုးသမီးများအနက် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသည့်နယ်ပယ်အသီးသီးတွင် သက်စွန့်တာဝန်ထမ်းဆောင်သူများ လည်းရှိခဲ့ ကြောင်း၊ အလားတူ ဘာသာသာသနာ၊ စာပေ၊ အနု သုခမနယ်ပယ်များတွင်လည်း ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က မြန်မာအမျိုးသမီး များနေ့ကိုဂုဏ်ပြုသည့်အနေဖြင့် ထူးခြားလေးနက်စွာ ဆောင်ရွက်ခဲ့ကြသည့် ၎င်းတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုပါကြောင်း ။
    မတ်လ(၈)ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ကို “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင်မူ ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်နှစ် ဖြစ်သည်နှင့်အညီ ဘက်စုံ၊ ကဏ္ဍစုံက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးရန်နှင့် အခွင့်အလမ်းများ ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးရန် အသိပေးနှိုးဆော်ထားပါကြောင်း။
    ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့် ချိတ်ဆက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
    မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား မ တန်းတူ ညီမျှအခွင့်အရေးများ ရရှိစေရန်အတွက် နိုင်ငံတကာ ကတိကဝတ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ် ပါဝင်သည့် ဘေဂျင်းကြေညာစာတမ်း၊ ၁၉၇၉ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုပြဌာန်းခဲ့သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂကချမှတ်ခဲ့ သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ ကြောင်း။
    ထို့အပြင် မြန်မာနိုင်ငံအနေနှင့် အာဆီယံဒေသတွင်းလုပ်ငန်းများ ဖြစ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီးငြိမ်းချမ်းရေး နှင့် လုံခြုံရေး၊ ကျား မ ရေးရာထည့်သွင်း စဉ်းစားခြင်း မဟာဗျူဟာမူဘောင်၊ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနှင့် ခေါင်းဆောင်မှုစသည့် လုပ်ငန်းစီမံချက်များတွင် ပါဝင်ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ အလားတူ မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျားမရေးရာမဟာဗျူဟာ အကောင်အထည်ဖော်ရေး စီမံကိန်းများတွင်လည်း ပါဝင်ပြီး အမျိုးသမီးများ၏ အခွင့်အရေး မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
    အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှုသည် အရေးပါသကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အဆင့်များတွင် လည်း အမျိုးသမီးများပိုမိုပါဝင်နိုင်ရန် လိုအပ်ကြောင်း၊ မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားများတွင် ၂၀၂၄ ခုနှစ်၊ မတ်လကုန် အထိ နိုင်ငံ့ဝန်ထမ်းများ၏ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီး အချိုးအစားမှာလည်း ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် ဝန်ထမ်းဦးရေမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ ၅၃ ဒသမ ၆၃ ရာခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရှိရကြောင်း။
    မြန်မာစာရင်းအင်းစာစောင်(၂၀၂၄)အရ ကျန်းမာရေးကဏ္ဍမှာ မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းများအရ မျှော်မှန်းသက်တမ်းသည် ၂၀၂၂ ခုနှစ်တွင် အမျိုးသားများသည် ၆၃ နှစ်ခန့်ရှိပြီး အမျိုးသမီးများသည် ၇၂ နှစ်ခန့်ရှိသည့်အတွက် အမျိုးသမီးများက အမျိုးသားများထက် အသက်ပိုရှည်ကြောင်း ၊ ၎င်းအပြင် တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် စုစုပေါင်း မွေးဖွားမှုနှုန်းတို့မှာ နှစ်အလိုက်ကျဆင်းလာသည့်အတွက် အမျိုးသမီးများ အနေဖြင့် ကျန်းမာရေးဗဟုသုတနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ပိုမိုကောင်းမွန်လာကြောင်း။
    လေ့လာမှုစစ်တမ်းတွေအရ နယ်ပယ်အသီးသီးက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်တို့ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ကို အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်း ကော်မတီ (၁၂) ရပ်တို့တွင် ပါဝင်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများအားလုံးက ပိုမိုကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားလိုကြောင်း။
      ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အမျိုးသမီးထုကြီး တစ်ရပ်လုံးက အမျိုးသားအားလုံးနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် နိုင်ငံတော်အတွက် အမျိုးသမီးများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် ယခုထက် ပိုမိုပါဝင်ဆောင် ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင် ဖော်ဆောင် မှုနှင့်  အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီးကာ ကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအားရှင်းလင်းတင်ပြသည်။
    ယင်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip  ကို ပြသသည်။
    ဆက်လက်၍ ၂၀၂၄ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား  ဆုချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှက ကာကွယ်ရေးဉီးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးပြအကောင်းဆုံးဆု ရရှိသူ ဒုတိယဗိုလ်ဒေါ်နန္ဒာကျော်၊ ကာကွယ်ရေးဉီးစီးချုပ်ရုံး(ရေ)မှ  အကောင်းဆုံးဗိုလ်လောင်း ဆု ရရှိသူ ဒုတိယဗိုလ်ဒေါ်လပြည့်ဝင်း၊ ကာကွယ်ရေးဉီးစီးချုပ်ရုံး(လေ)မှ ကာကွယ်ရေး ဦးစီးချုပ်(လေ) ၏ ချီးကျူးဂုဏ်ပြုဆုရရှိသူ ဗိုလ်ကြီး ဒေါ်ရွှေဝတ်ရည်တို့ကို ဂုဏ်ပြုဆုတံ ဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
    ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေ ဆုရရှိသူ ရဲဒုတိယတပ်ကြပ်လက်ချ်မီးနှင့်  ထူးချွန်အမျိုးသမီး ကြက်ခြေနီ ဆုရရှိသူ ဒေါ်လင်းလင်းထိုက်တို့ကို လည်းကောင်း၊ ဂုဏ်ထူးဆောင် နာယက ဒေါ်သန်းသန်းနွယ် က ၂၀၂၄ခုနှစ် မသန်စွမ်းအမျိုးသမီးပြေးခုန်ပစ်အားကစားထူးချွန်ဆု ရရှိသူ မထက်ထက်အေးနှင့် ၂၀၂၄ ခုနှစ် အမျိုးသမီး ပီတန်းအားကစားထူးချွန်ဆု ရရှိသူ မခင်ချယ်ရီသက်တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီးက ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုရရှိသူ ဒေါ်မြမြသန်း(ကိုယ်စား) ဒေါ်ချိုချိုမော်နှင့် ဒေါ်ခင်ဝတ်ရည်တို့ကို လည်းကောင်း၊  တွဲဖက်အတွင်းရေးမှူး၏ ဇနီးက ထူးချွန်အမျိုး သမီးဆုရရှိသူ ဒေါက်တာသင်းမျိုးမျိုးအောင်နှင့် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်ဆု ရရှိသူ ဒေါ်ကြွေကြွေခင်တို့ကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
    ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၏ ဇနီးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် ဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်  လူမှုဝန်ထမ်းဉီးစီးဌာန အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများမှ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြောင်း သိရသည်။