လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အချုပ်တရားခံအား ခေါ်ဆောင်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချုပ်တရားခံအား လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၂

Wednesday, July 2, 2025 - 18:45

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင် (၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညပိုင်းတွင်  ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သပြေအထူးကုဆေးခန်းသို့ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်း သို့လိုက်ပါ ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှု များဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင် အား ခေါ်ဆောင်ထွက်ပြေးသွား ကြောင်း သိရှိရသည်။

          အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင်ထွက်ပြေးသွားသူများအား အမြန်ဆုံး ပြန်လည် ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်  သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင် အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ်(ဘ)ဦးစိန်မင်းနှင့်လှိုင်သာယာ (အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် (ဘ) ဦးဘိုဘိုသူ တို့ကို လည်းကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် (ဘ) ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာ ရပ်ကွက်နေ သူရဝင်း (၃၅)နှစ် (ဘ) ဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီး ရမိခဲ့သည်။

          အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။