နေပြည်တော်ကျောက်စိမ်းဖီးကြမ်း တစ်သျှူးငှက်ပျောနှင့် သီးမွှေးတစ်သျှူးငှက်ပျော ပျိုးပင်များအား တစ်ပင်လျင် ၄၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ် နေပြည်တော်၊ ဇွန် - ၁၅

Wednesday, June 16, 2021 - 08:45

နေပြည်တော်ကျောက်စိမ်းဖီးကြမ်း တစ်သျှူးငှက်ပျောနှင့် သီးမွှေးတစ်သျှူးငှက်ပျော ပျိုးပင်များအား တစ်ပင်လျင် ၄၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်

နေပြည်တော်၊ ဇွန် - ၁၅

         ငှက်ပျောသည် ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတို့၏ အာဟာရ စားသုံးသီးနှံ၊ အကျိုးပြုသီးနှံပင် ဖြစ်ပြီး မြန်မာမှုအရပ်ရပ်တိုင်းတွင်လည်း ငှက်ပျော ၏အခန်းကဏ္ဍသည် ကျယ်ပြန့်စွာနေရာယူလျက်ရှိနေပါသည်။

         မြန်မာ့ငှက်ပျောစိုက်တောင်သူများအနေဖြင့် ယခင်က ပြည်တွင်းဘုရားပွဲများ၊ ရိုးရာပွဲများ၊ ပွဲလမ်းသဘင်များတွင် ပွဲထိုးရန်၊ ရိုးရာအစားအသောက်ပြုလုပ်ရာတွင် အသုံးပြုရန်တို့အတွက် ရောင်းချရသည့် ပြည်တွင်းဈေးကွက်သာရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် ပြည်ပဈေးကွက်သို့တင်ပို့နိုင်သည်အထိ ရှိလာခဲ့သည်။

ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့် သက်တမ်းတူ၊ အရွယ်တူ ငှက်ပျောပင်များ တစ်ပြိုင်တည်းအမြောက်အများရရှိနိုင်မှသာလျင် အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသော ငှက်ပျောသီးထုတ်ကုန်များကို ဖြည့်စွက် စာအနေဖြင့် စားသုံးနိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အကြီးအကဲ၏ လမ်းညွှန် မှုနှင့်အညီ ကျောက်စိမ်း ဖီးကြမ်းတစ်သျှူးငှက်ပျောနှင့် သီးမွှေးတစ်သျှူးငှက်ပျော ပင်များကို တပ်မတော်အတွင်း၌ ၂၀၁၉ ခုနှစ် ကတည်းက စတင်၍ သုတေသနများ ပြုလုပ်ကာ Tissue Culture ဓာတ်ခွဲခန်းမှ ပျိုးပင်များ မျိုးပွားထုတ်လုပ်ပေးလျက်ရှိ သည်။ ထိုသို့ထုတ်လုပ်ပေးပြီး တိုင်းစစ်ဌာနချုပ်များသို့ ဖြန့်ဖြူးစိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုများစွာရရှိပြီး တပ်တွင်းမိသားစုဖူလုံရုံသာမက ဒေသခံများသို့ပါ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်လျက်ရှိသည်။

တပ်မတော်၏ ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျော စိုက်ပျိုး အောင်မြင်မှုနည်းတူ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ရေမြေဒေသနှင့် ကိုက်ညီမှုရှိပါက အောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေ စဉ်ကာလအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရေးအတွက် ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျော ပျိုးပင်များကို တစ်ပင်လျင် ၄၀၀ ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါသည်။

ပျိုးပင်များဝယ်ယူလိုပါက ဖုန်း ၀၉-၆၉၅၉၁၁၄၅၅ နှင့် ၀၉-၂၅၆၇၄၄၉၈၁ တို့ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။