နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ
နေပြည်တော် ဇွန် - ၂၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထား စက်ခေါင်း နှင့် ရထားတွဲပြုပြင်ရေး စက်ရုံတို့သို့ သွားရောက်လေ့လာသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများ လိုက်ပါ၍ Baikal ရေကန်အား ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြ သည်။ ထိုသို့ကြည့်ရှုလေ့လာစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက Baikal ရေကန်ဆိုင်ရာ အချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Baikal ရေကန်အတွင်း ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြသည်။
အဆိုပါ Baikal ရေကန်သည် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း Irkutsk Oblast နှင့် ဘူရားတီးရားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တို့အကြားတွင် တည်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် အနက်ဆုံးရေကန်တစ်ခုဖြစ်ပြီး အနက် ၁,၆၄၂ မီတာ (၅,၃၈၇ ပေ)ရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်းသန်း ၃၀ ခန့်ကတည်းက တည်ရှိခဲ့သည့် ရှေးအကျဆုံး ရေချိုရေကန်တစ်ခုလည်းဖြစ်ကြောင်း၊ UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၉၆ ခုနှစ်တွင် စာရင်းသွင်းခဲ့ပြီး ရှားပါးသော အပင်မျိုးစိတ် ၁,၀၀၀ ခန့်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂,၅၀၀ ခန့်ရှိသည့် ရေကန် တစ်ခုဖြစ်ကြောင်း၊ လခြမ်းပုံရှည်လျားသည့် ပုံသဏ္ဌာန်ရှိပြီး သဘာဝ၏အလှ တရား နှင့် ထူးခြားသောအမွေအနှစ်တို့ဖြင့် ပြည့်နှက်လျက် ရှိသောရေကန်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Ulan-Ude LVRZ မီးရထား စက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံအကြီးအကဲ Zaborskikh Sergey Alexandrovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ပြုပြင်ရေး လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် စက်ရုံအကြီးအကဲနှင့် တာဝန်ရှိသူများက Ulan-Ude LVRZ မီးရထား စက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်နိုင်မှု၊အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံတကာ နှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
အဆိုပါ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံ သည် ၁၉၃၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော စက်ရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုပါ စက်ရုံသည် ကမ္ဘာလုံးဆိုင်ရာ မီးရထားဆက်စပ်ပစ္စည်းများပြုပြင်ခြင်းနှင့် အပိုပစ္စည်း များထုတ်လုပ်ခြင်းဆိုင်ရာ အကြီးစားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Zheldorrem-mash ကုမ္ပဏီ၏ လက်အောက်ခံစက်ရုံတစ်ရုံဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် မီးရထား စက်ခေါင်းပြုပြင်ခြင်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းဟူ၍ ၃ ပိုင်းခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် အဆိုပါစက်ရုံမှ ပြုပြင်မွမ်းမံရေးဆိုင်ရာ နည်းပညာအသစ်များအား အဆင့်မြှင့်တင်ခြင်း၊ မီးရထားစက်ခေါင်းများ၏ပျမ်းမျှ မောင်းနှင်နိုင်မှုကို ပြုပြင်မွမ်းမံ ခြင်း၊ အာမခံဝန်ဆောင်မှုပေးခြင်းနှင့် မီးရထားစက်ခေါင်းများ သက်တမ်းတိုးခြင်းနှင့် မီးရထားစက်ခေါင်းအဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်း များကိုလည်း ဝန်ဆောင်မှုပေး လျက်ရှိကြောင်းသိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံအကြီးအကဲနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ် သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံကြည့်ရှုလေ့လာစဉ် Buryatia ပြည်နယ်မှ Arigus ၊ ATV ၊ Tivicom တို့အပါအဝင် ဒေသခံမီဒီယာများကလည်း လာရောက်သတင်းရယူခဲ့ ကြ သည်။
စက်ရုံအတွင်းလေ့လာမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲတို့သည် အဆိုပါ မီဒီယာမှ သိရှိလိုသည့် မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်အကြား ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုနည်းပညာ၊ ခရီးသွားကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။