“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ဆက်လက် ကျင်းပ နေပြည်တော် ဇွန် ၂၇

Friday, June 27, 2025 - 17:45

    “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှအေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက် ကျင်းပသည်။ 
    ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။ 
နံနက်ပိုင်း ဆွေးနွေးမှုတွင် အဖွဲ့(၁)၌ သဘာပတိအဖြစ် ဒေါက်တာ သက်သက်ခိုင် က ဆောင်ရွက်ပြီး “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် မဟာဗျူဟာများကိုဖော်ထုတ်ခြင်း”၊ အဖွဲ့ (၂) ၌ သဘာပတိအဖြစ် ဗိုလ်ချုပ် စိုးနိုင်ဦး (ငြိမ်း) က ဆောင်ရွက်ပြီး “မြန်မာနိုင်ငံ၏ အနာဂတ်သည် ပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနှင့် ဆက်နွယ်သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးတွင် ကျင့်သုံးသင့်သောနည်းဗျူဟာများကိုဖော်ထုတ်ခြင်း” ခေါင်းစဉ်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ 
မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းရေးဖိုရမ် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ပ ပညာရှင်များ၊ အဖွဲ့(၁)၊ အဖွဲ့(၂)တို့၏ ဆွေးနွေးချက်အကြောင်းအရာများအပေါ် သဘာပတိများက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌက သဘာပတိများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။  
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က ဆွေးနွေးပွဲမှ ရရှိသောအကြံပြုချက်များ စုစည်းချက် အပေါ်သုံးသပ်တင်ပြပြီး မှတ်တမ်းတင်သည်။ 
    ယင်းနောက် ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲ အဖွဲ့(၁)ကိုယ်စား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (မွန်ပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာ မိယဉ်ချမ်း နှင့် အဖွဲ့(၂)ကိုယ်စား လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဗဟိုကော်မတီဝင်၊ ဒေါ်ခင်စောနွဲ့ တို့က ကျေးဇူးတင်စကားများ ပြောကြားကြသည်။
    ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က နိဂုံးချုပ်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေး ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍ ၃ ရပ်ကို ဆွေးနွေး ခဲ့ကြကြောင်း၊ ဆွေးနွေးရရှိသည့် အကြံပြုချက်များကို စနစ်တကျမှတ်တမ်းတင်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြ၍ လက်တွေ့ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေးများ ရရှိစေရေး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါဝင်ထိုက်သော နိုင်ငံတကာမှပညာရှင်များအား ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။