(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကျင်းပ နေပြည်တော်၊ ၂၀၂၅ ဇွန် ၂၆ ရက်

Thursday, June 26, 2025 - 17:45

                 (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က ဖတ်ကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်လူမှုကူ‌ညီရေး အသင်းအဖွဲ့များကခန်းမအတွင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လှုပ်ရှားမှု ဓာတ်ပုံပြခန်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြ သည်။

                ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ထံမှ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ)ရဲမှူးကြီး မောင်မောင်အေး က ဖတ်ကြားသည်။ ၎င်းနောက် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးပြခန်းများအား  လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။