"ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ဆက်လက် ကျင်းပ နေပြည်တော် ဇွန် ၂၆

Thursday, June 26, 2025 - 17:45

            ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။  

          ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။

နံနက်ပိုင်းဆွေးနွေးမှုတွင် အဖွဲ့(၁)နှင့် အဖွဲ့(၂)တို့၏ သဘာပတိများအဖြစ် အဖွဲ့(၁)၌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ အဖွဲ့(၂)၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (အငြိမ်းစား)တို့က ဆောင်ရွက် ကြပြီး “ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး(နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲ၏ အရေးပါမှု၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး ဂုဏ်သိက္ခာ ရှိသောလွှတ်တော် ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သောအစီအမံများ)” ခေါင်းစဉ်ကို လည်းကောင်း၊ မွန်းလွဲပိုင်းဆွေးနွေးမှုတွင် အဖွဲ့(၁)၌ သဘာပတိအဖြစ် ဒေါက်တာညိုညိုသင်း က ဆောင်ရွက်ပြီး “ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာသောရွေးကောက်ပွဲနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုဖော်ထုတ်ခြင်း၊ အဖွဲ့(၂)၌ သဘာပတိအဖြစ် ဒေါက်တာ ချောချောစိန် က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲအလွန် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာအသိုက်အဝန်းများ၏အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း ခေါင်းစဉ်တို့ကိုဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထား များဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။