"ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့" သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကျင်းပ နေပြည်တော် ဇွန်လ ၂၅

Wednesday, June 25, 2025 - 18:15

"ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့" သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကျင်းပ
နေပြည်တော် ဇွန်လ ၂၅
    “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှအေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။
    ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ စုစုပေါင်း ၂၅၉ ဦး တက်ရောက်ကြသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ရဲ့ ပကတိအခြေအနေကို သိမြင်ပြီး နိုင်ငံသားအားလုံးက မိမိတို့နိုင်ငံတည်ဆောက်ရေးမှာ တစ်တပ်တစ်အားပါဝင်၍ တွေ့ကြုံလာတဲ့ အခက်အခဲများကိုလည်း နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖြစ်သင့် ဖြစ်ထိုက်သည် များကိုပေါင်းစပ်ဆောက်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်း လုပ်ဆောင်၍ အမြင်မတူသည်များကိုညှိနှိုင်းဖြေရှင်းကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်ရေးဟာ အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အရေးပါသောအကြံဉာဏ်များနဲ့ အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှ မိတ်ဆွေများ ပူးပေါင်းပါဝင်လာရေးဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားတဲ့အထောက်အပံ့ တစ်ခုဖြစ်ကြောင်း၊ ယခုနှစ်ကုန်မှာကျင်းပမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်ပြီး လက်တွေ့ကျတဲ့နည်းဗျူဟာတွေကို ဒီဖိုရမ်မှာဖော်ထုတ်နိုင်ကြမယ်လို့ ယုံကြည်ထားတဲ့အပြင် တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်ကောင်းတွေထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးဖိုရမ်၏ ဆောင်ပုဒ်ဖြစ်တဲ့ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” နဲ့အညီ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လွတ်လပ်၍ တရားမျှတသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ များမှတစ်ဆင့် စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတော်တည်ဆောက်ရန်အတွက် လိုအပ်သောအခြေခံအုတ်မြစ်များ ခိုင်မာလာစေရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်သင့်သည်များကို လေ့လာဆန်းစစ်ပြီး ပြည်သူကို ဗဟိုပြုသော ခိုင်မာသည့်လမ်းကြောင်းများကို ဖော်ထုတ်ကြရမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် Peace Forum မှတစ်ဆင့် ရည်ရွယ်ချက် ၄ ရပ် ဖြစ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတည်ဆောက်ရန်၊ လူသားချင်းစာနာမှုအကူအညီများနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်တို့အတွက် ထပ်ဆင့်အကျိုးဖြစ်ထွန်းစေရန်လည်း မျှော်လင့်ပါကြောင်း၊ မိမိတို့နိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် စုပေါင်းအဖြေရှာဖော်ထုတ်ကြရမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့ဆန္ဒ၊ အကျိုးစီးပွားထက် ပြည်ထောင်စုနဲ့ တိုင်းရင်းသားပြည်သူများအားလုံးရဲ့ အကျိုးစီးပွားကိုရှေးရှု၍ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားသည်။
    ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

    ယင်းနောက် နိုင်ငံခြားဧည့်သည်တော်ပညာရှင်များဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံမှ သံအမတ်ကြီး (ငြိမ်း) Mr. Jaideep Mazumdar ၊ ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး (ငြိမ်း)          Mr.Sihasak Phuangketkeo ၊ ရုရှားနိုင်ငံမှ Professor Aleksandr Gelyevich Dugin ငြိမ်းချမ်းရေး ဖိုရမ်နှင့်ပတ်သက်သော အမှာစကားများ ပြောကြားကြသည်။ ဆက်လက်ပြီး နိုင်ငံခြားဧည့်သည်တော် ပညာရှင် ၈ ဦး က “ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းများ” ၊ “ပဋိပက္ခအပြီးပြန်လည်တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးဆိုင်ရာတို့နှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမည့် လုပ်ငန်းစဉ်များ" ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူ ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုခြင်းများပြုလုပ်ကြပြီး ဦးဆောင်ဆွေးနွေးသူများက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
    ငြိမ်းချမ်းရေးဖိုရမ်မှ ရရှိလာမည့်အပြုသဘောဆောင်သော အမြင်သဘောထားများ၊ အကြံပြုချက် များကိုသိရှိနားလည်ပြီး ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။