သတင်းထုတ်ပြန်ချက်

Wednesday, June 16, 2021 - 08:30

သတင်းထုတ်ပြန်ချက်

 

          ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အတည်ပြု၍မရသော သတင်းအရင်းအမြစ်များမှ ထွက်ပေါ်လာသော ဘက်လိုက်မှုရှိသည့် သတင်းမှားများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ကိစ္စရပ်အား ထည့်သွင်းဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်မှ တာဝန်လွှဲပြောင်းရယူခြင်းကို အာဏာသိမ်းမှုအဖြစ် G-7 ထိပ်သီးအစည်းအဝေးကြေညာချက်တွင် မှားယွင်းစွာဖော်ပြခဲ့သည်။ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများ၊ စည်းမျဉ်းမူဘောင်များနှင့်အညီ ၎င်းတို့၏ တာဝန်ဝတ္တရား များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထု လုံခြုံရေးအလို့ငှာ အကြမ်းဖက်မှုများကို ထိန်းချုပ်ရာတွင် အင်အားအသုံးပြုရန် လိုအပ်သည့် အခါများတွင်မှသာ အင်အားအနည်းဆုံးနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့အနေဖြင့် မြေပြင်အခြေအနေမှန်များ၊ သတင်းအချက်အလက်မှန်များကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ၊ ပြောကြားချက်များကို ဆောင်ရွက်ရာတွင် အတည်ပြု၍မရသော သတင်းရင်းမြစ်များကို ကိုးကားခြင်းထက် သတင်းအချက်အလက်မှန်များအပေါ်တွင် အခြေခံသင့်သည်။

ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အပိုဒ် (၂) စာပိုဒ် (၇)အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိစေရဟူသောအချက်ကို လိုက်နာရန် အရေးကြီးမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလေးအနက်ထားပြောကြားလိုသည်။

G-7 ထိပ်သီးအစည်းအဝေး၏ Carbis Bay ကြေညာချက် အပိုဒ် ၅၉ တွင် မြန်မာနိုင်ငံ အရေးကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ် မမှန်ကန်စွာ ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

 

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ  ၁၅  ရက်။