ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၂၂ ရက်

Sunday, June 22, 2025 - 17:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်း ပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပြုပြင် နေမှုအခြေအနေအား လည်းကောင်း၊ ဂန္ဓာကုဋိတိုက်အမိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ အပျက်အစီးများ ပြန်လည်ပြုပြင် မွန်းမံတည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း  ကြည့်ရှု့စစ်ဆေးပြီး  အပျက်အစီးများအား ပြင်ဆင်ဆောင်ရွက်ရာတွင် ရှေးဟောင်းသမိုင်းဝင်ဘုရားများ ဖြစ်သည့်အတွက် ရှေးမူမပျက် ပြုပြင်ဆောင်ရွက်သွားကြရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ‌ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက်  ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်နှင့် ပြည်ကြီးမျက်ရှင် ရပ်ကွက်တို့ရှိ အန္တရာယ်ရှိ အဆောက်အအုံများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုအား ကြည့်ရှု့စစ်ဆေးပြီး  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။