ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၂၁ ရက်

Saturday, June 21, 2025 - 15:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဆွမ်းဦး ပုညရှင်စေတီတော်၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီနှင့် မေတ္တာကန်တို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက် စေတီတော်ရင်ပြင်တိုးချဲ့ရန် အတွက် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်လုံးပတ် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှုအခြေအနေများ၊  စေတီတော် ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့်  ဘက်စုံပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာသီလရှင်စာသင်တိုက်နှင့် တောလေး ထပ်ကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက် အအုံများကို စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှား ရှင်းလင်း ပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရန်အတွက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

၎င်းနောက် စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေးများပေးဝေနိုင်ရေးနှင့် ပြည်သူ များ သောက်သုံးရေး ပြည့်ပြည့်ဝဝဖြန့်ဝေနိုင်ရေးတို့အား ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်ရှိ ရှင်ပင်း အုံးအင်းကျောင်းတိုက်နှင့် စင်္ကြာပေါ်တော်‌မူစေတီတော်များသို့ လည်းကောင်း၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်အတွင်းရှိ မြင်းတန်း ကျောင်းတိုက်သို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ ရပ်ကွက်ရှိ ရတနာပုံသာ ဆုတောင်းရ(ဦးပေစိ)ဘုရားသို့ လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများနှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု့ အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ရှင်ပင်းအုံးအင်း ကျောင်းတိုက် ဆရာတော်အား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          ထို့နောက် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်း ကုန်း၊ ပြည်သူ့အားကစားကွင်းသို့ သွားရောက်၍ မန္တလေးမြို့တွင်း  ငလျင်ဘေးသင့် ဝန်းထမ်းများနှင့်ပြည်သူများ နေထိုင်ရန်အတွက် Container house များအား  တပ်ဆင် ဆောက်လုပ်နေမှုများအား လည်းကောင်း၊ စက်ယန္တရားများ အသုံးပြု၍ လမ်းသား မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။