နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာတတ်အရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဓိကထား အလေးပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ကျောင်းသား/ကျောင်းသူများအား ဇွန် ၁၆ ရက်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာစစ်ဌာနအသီးသီး၌ စာမေးပွဲများ ကျင်းပပေး လျက်ရှိသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ် ဌာန ၁၉၅ ခု၌ ဝင်ရောက် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ ဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၇၈၈ ဦး (ဖြေဆို ရာခိုင်နှုန်း ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း)ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှု များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား/ကျောင်းသူများနှင့် လိုက်ပါပို့ဆောင် ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။