မြန်မာနိုင်ငံအတွင်းသို့  တရားမဝင်  ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၉ ဦး ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ နေပြည်တော် ဇွန်      ၂၁

Saturday, June 21, 2025 - 15:45

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး    ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၆ ဦး၊ အိန္ဒိယနိုင်ငံသား တစ် ဦး၊ နီပေါနိုင်ငံသား တစ် ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ၂၉ ဦး ကို ယနေ့တွင်  ထပ်မံစစ်ဆေးဖော်ထုတ်  ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ   စစ်ဆေးဖော်ထုတ်   ထိန်းသိမ်းနိုင်ခဲ့သည့်    ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့  အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့်     ကိုယ်ရေးအချက်အလက်များနှင့်   မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဘုန်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ဖြည့်စွက်မှာကြား သည်။

၂၀၂၅  ခုနှစ်၊  ဇန်နဝါရီလ ၃၀ ရက်မှ ဇွန်လ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရား မဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၇၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်  သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပ နိုင်ငံသား ၂၆၄  ဦးကို သက်ဆိုင်ရာ  နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့်  Online Scam Center လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ် ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။