ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ရှိတပ်မတော်ဆေးရုံနှင့် နမ့်စန်မြို့ ရှိ တပ်မတော်ဆေးရုံသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများက လည်းကောင်း ဇွန် ၁၉ ရက်နှင့် ယနေ့တို့တွင် သွားရောက်၍ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအားတွေ့ဆုံအားပေးပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ်ရာ များပေးအပ်သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံဝန်းများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။