မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် နဝလောဟာကျောင်းတိုက်များ၌ ငလျင်ပြီးနောက် သာသနိက အဆောက်အအုံများကို အဖွဲ့အစည်းအသီးသီးနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ် ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည် ဆောက်နေမှု အခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် လူနေ အဆောက် အအုံများ၊ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာများရှိ အပြိုအပျက်များကို မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်သာယာလှပစေရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု အားပေးကာ လုပ်ငန်းဆောင်ရွက်နေသူများအား အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရွှေဟင်္သာ တိုက်သစ် ဩဝါဒါစရိယဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံအား ပြန်လည် ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် အလှူရှင် များက ငွေကျပ်သိန်း(၁၀၀)အား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှဝေခဲ့သည်။
၎င်းနောက် စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့် ရဟန်း၊သံဃာတော်များ၊ သီလရှင် များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ စစ်ကိုင်းတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ ပြန်လည်တည်ဆောက်ရန် အတွက် လျာထားမြေလွတ်နေရာအား စက်ယန္တရားကြီးဖြင့် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများနှင့် အမှိုက်များစွန့်ပစ်သည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး စနစ်တကျ စွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်ရှိ Sky Villa နေရာတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် “ A ” အဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှား ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေနှင့် ဖယ်ရှားရှင်းလင်းရာမှ တွေ့ရှိသော ပစ္စည်းများအား ပစ္စည်းလက်ခံရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံမှု၊ ထိန်းသိမ်းထားရှိမှု အခြေအနေများအား လည်းကောင်း၊ သက်ဆိုင်ရာ ပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နှင့် အောင်နန်းအရှေ့ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ သည့် အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု ၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တမ္ပဝတီ ကျောင်း၊ အလယ်တိုက်ကြီးတို့ရှိ အပျက်အစီးများအား တပ်မတော်သားစစ်သည်များနှင့်အတူ စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှု့အားပေးပြီး လုပ်ငန်းခွင် အန္တရာယ် မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။