ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ၊ နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၆ ရက်

Monday, June 16, 2025 - 18:30

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ဆွမ်းဦးပုညရှင်စေတီနှင့် မဟာစေတီ တို့တွင် ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများအား ဘက်စုံပြန်လည် ပြုပြင်ရေးအခြေ အနေများ၊ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် ရွှေစေတီပရိယတ္တိစာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်း နေမှုများ၊ အဆောက်အအုံအပြိုအပျက်ကြားမှ ဆယ်တင်ရရှိသည့် ရိက္ခာဆန်များကို အမိုအကာ အောက်ရှောက်ရှိအောင် ရွှေ့ပြောင်းနေမှုအားကြည့်ရှု အားပေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် လူနေအဆောက်အအုံများအား လူအင်အား နှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံ ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အတွင်း၊ ငလျင်ဘေးဒဏ်သင့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမားစောင့်ရှောက်ပေးနေမှုအခြေအနေ များနှင့် တပ်မတော် ရေသန့် စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေးများပေးဝေ နိုင်ရေးနှင့် ပြည်သူများသောက်သုံးရေး ပြည့်ပြည့်ဝဝဖြန့်ဝေ နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့တွင် မန္တလေးမြို့၊ နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နန်းမြို့ ဆုတောင်းပြည့်စေတီတော် မြတ်ကြီး၊ ကန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းနေရာများ၌ ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့် စေတီတော်တွင် ရင်ပြင်တော်ပြန်လည် ပြုပြင်တည်ဆောက်နေမှုများ ကိုလည်းကောင်း၊ ဂန္ဓကုဋိတိုက်ရှိ အမိုး၊ တိုင်၊ ဂုံး နေရာများအား ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ဓါတ်လှေကားနှင့် စက်လှေကားများအား အမြန်ဆုံး ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ မြွေကြီးနှစ်ကောင် ဘုရားရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြေသားထိန်းနံရံအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တောင်ဘက်စောင်းတန်းရှိ ရှင်အရဟံသိမ်ဘုရား၊ စန္ဒာမုခိဆုတောင်းပြည့်ဘုရားများအား ရှေးမူမပျက်ပြန်လည် ပြုပြင်နေမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေး၍ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှင်းလင်းရန်ကျန် (A) ဆောင်အား စက်ယန္တရားကြီး များအသုံးပြု၍  အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအား လည်းကောင်း၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံး တွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာ ပိုင်ရှင်အသီးသီးထံ စနစ်တကျ လွှဲပြောင်းပေးနိုင်မှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

 ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် Sky Villa တွင် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စ၍ ယနေ့အထိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ် ရှာဖွေတွေ့ရှိရသော ငွေစက္ကူကျပ် ၉၁၆၇၄၄၇၀၀ (ကျပ်ပေါင်း ကိုးထောင်တစ်ရာခြောက်ဆယ် ခုနှစ်သိန်း လေးသောင်းလေးထောင်ခုနှစ်ရာ)၊  ရွှေသားအလေးချိန် ၄ ပိဿာ ၁ ကျပ်သား၊ ရွှေထည်ပစ္စည်းနှင့် အခြားလက်ဝတ် ရတနာများအား ပိုင်ရှင်များထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာ ရာမဘုရားကြီးကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တမ္ပဝတီကျောင်းတိုက်၊ အောင်မြေကျောင်း၊ ပိဋကတ်တိုက်နှင့် အသောကာရာမကျောင်းတိုက်အတွင်းရှိ ကျီးသဲရွှေတောင်ကျောင်း နှင့် ကြာငါးခိုင်ရတနာကျောင်းများတွင် တပ်မတော်သားစစ်သည်များမှ အပျက်အစီးများ အား အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအား ကြည့်ရှုအား ပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။