နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆို ကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များ ရှိကျောင်းများ၌ လေ့ကျင့် သင်ကြားရေးစခန်း(Camp)များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး စာမေးပွဲ ပြန်လည်ကျင်းပမည့်ရက်အား ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ သတ်မှတ်ခဲ့သည်။
ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတ်မှတ်ထားသည့် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား/ ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ပြန်လည်ဖြေဆိုလျက်ရှိကြသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမှုအနေဖြင့် သတ်မှတ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ စာစစ်ဌာန ၁၉၅ ခုတွင် လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၆၂၈၂၄ ဦးရှိသည့်အတွက် ဖြေဆို ရာခိုင်နှုန်း ၉၈.၆၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယခုကဲ့သို့ ကျောင်းသား ကျောင်းသူ များ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များ အလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။