PDF အမည်ခံအကြမ်းဖက်သမားများက ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား သတ်ဖြတ်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာမ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်

Sunday, June 15, 2025 - 15:15

PDF အမည်ခံအကြမ်းဖက်သမားများက ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား သတ်ဖြတ်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာမ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင် နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၅    

            NUG လက်ဝေခံ PDF အမည်ခံအကြမ်းအဖွဲ့များသည် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးပြီး ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်  ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ် ဆောင်လျက်ရှိ သည်။       

            ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့် တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း (၄၂)နှစ် သည် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း (၁၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့်အတွက် ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ ၂ ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့ မြေကွက်လပ်၌ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရရှိ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

            အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၁၇)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင် (၂၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၅ ဦးက သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင် အား လက် နောက်ပြန် ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်များမှ နိုင်ငံ့ဝန်ထမ်းကောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်း ဖြစ်သူတို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သူများနှင့် ကျောင်းဆရာမ ၁ ဦးအား  ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။