ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၃ ရက်

Friday, June 13, 2025 - 17:15

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီ၊ ရတနာစေတီဆင်များရှင်ဘုရားနှင့် ဆွမ်းဦးပုညရှင်စေတီ များ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အဦများကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေများနှင့် စေတီတော်ပုရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေး ဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်၊ ရွှေစေတီပရိယတ္တိစာသင်တိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ရန်အောင်မြင်ဆုတောင်း ပြည့်မြတ်စွာဘုရား၊ သကျဓီတာသီလရှင် စာသင်တိုက်၊ မိုးညှင်းတောရကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အအုံများကို စက်ယန္တရားကြီးအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၊ ဓမ္မသီလ ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကြည်ညိုကြပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော သာသနိကအဆောက်အအုံများအတွက် ဘိလပ်မြေ(၁၀၀)အိတ် အား လှူဒါန်းခဲ့ကြသည်။  
အလားတူ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည် စစ်ဆေးကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ၍ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအတွက် မေးခွန်း/အဖြေလွှာများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမားရေးစောင့်ရှောက်မှုအတွက် ပြင်ဆင်ထားရှိမှု အခြေ အနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုစဉ်ကာလအတွင်း အဆင်ပြေ ချောမွေ့စွာ ဖြေဆို နိုင်ရေးတို့အတွက် ဌာနအလိုက် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အား ဆွေးနွေးကာ အစည်းအဝေး ကို ရုတ်သိမ်းခဲ့သည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် မန္တလေးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မဟာအောင်မြေ ခရိုင်ပညာရေးမှူး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့မှ မြို့နယ် ပညာရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ချမ်းအေးသာစံ မြို့နယ်နှင့် မဟာအောင်မြေ မြို့နယ်များသို့သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထား ရှိမှုအခြေအနေများ၊ ဘေးကင်းလုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်သို့ သွားရောက်၍ ပြန်လည် ကျင်းပ မည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး၍ ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းမှုစနစ်တကျ စီစဉ်ဆောင်ရွက်ထားရေး၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်စေရေး၊ မေးခွန်း/အဖြေလွှာစသည့် စာရွက် စာတမ်းများအား စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအကူအညီများ စီစဉ်ဆောင်ရွက်ထားရှိပေးနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်မီသွားလာနိုင်ရန် တာဝန်ရှိသူများက တက်နိုင်သည့် နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးသွားရေး တို့အားမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
    ယင်းနောက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဦးပွားစေတီတော်မြတ်ကြီးနှင့် အာနန္ဒာ မြတ်စွာဘုရားများသို့ သွားရောက်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းတိုက်အတွင်းရှိ သာသနိက အဆောက် အအုံများနှင့် ဘုရားစေတီ အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ သံဃာတော်များ ခေတ္တသီတင်း သုံးရန် ယာယီကျောင်းဆောင်များ ဆောက်လုပ်ထားရှိမှု အခြေအနေများ၊ ဘုရားဝန်းအတွင်း ငလျင်ဒဏ်သင့် ပြည်သူများအတွက် အခမဲ့ဆေးပေးခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေ များနှင့် စက်ယန္တရားကြီးများ အသုံးပြု၍  အပျက်အစီးများ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။