မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများ စောင့်ရှောက် ရေးစခန်းများဖြစ်သော နှစ်(၇၀၀)ပြည့်အားကစားကွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၊ ဝန်ထမ်းအိမ်ရာငလျင်ဘေး ဒဏ်သင့် ပြည်သူများ စောင့်ရှောက်ရေးစခန်းနှင့် စကုမှော်ငလျင်ဘေးဒဏ်သင့် ပြည်သူ များ စောင့်ရှောက်ရေးစခန်းများရှိ အိမ်ထောင်စု စုစုပေါင်း (၇၉၇)စုတို့အား သွားရောက် တွေ့ဆုံပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ၎င်းတို့နေအိမ်များကို ဖယ်ရှားရှင်းလင်းပြီး မူလနေရာများတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သမဝါ ယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကျောင်းဆောင်အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေသည့်အခြေအနေများနှင့် တက္ကသိုလ်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေများ အားလည်းကောင်း၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ သောက်သုံးရန် ရေသန့်စက်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ယာယီကျောင်းဆောင် ဆောက်လုပ်နေမှုအခြေအနေများ၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက် တံတားအောက်ရှိ ရေဝပ်သည့်နေရာများတွင် စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်းနှင့် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်အောင်မြင် ဆုတောင်ပြည့် မြတ်စွာဘုရားနှင့် သကျဓီတာသီလရှင်စာသင်တိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စက် ယန္တရားကြီးများကို အရှိန်အဟုန်မြှင့် အသုံးပြု၍ဖယ်ရှားရှင်းလင်းနေမှု တို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေ အဆောက် အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဖြိုချပြီးအပျက် အစီးများအား အပြီးသတ်ရှင်းလင်းနေမှုအခြေအနေများအား လည်းကောင်း၊ မဟာ အောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက်သို့သွား ရောက်၍ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မကျောင်းဆောင်နှင့် သိမ်ကျောင်းနေရာ များရှိ ဖြိုချပြီးအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ရှင်းလင်း နေမှု အခြေအနေများအား ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်းကျေးရွာရှိ မဟာ သက်ကျရံသီ ကျောက်တော်ကြီး မြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စိန်ဖူးတော်များနှင့် ဋ္ဌာပနာပစ္စည်းများအား သိမ်းဆည်း ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး၍ အပျက်အစီးများ စတင်ရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ဘုရားပုရဝုဏ်အတွင်း ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မှန်တန်းရပ်ရှိ မဏိဇောတ ဓမ္မရိပ်သာကျောင်း တိုက် သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံ အပျက်အစီးများအား စက်ယန္တရား များ အသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ကျောင်းထိုင်ဆရာတော် ကြီးအား သွားရောက် ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများ အားလည်းကောင်း၊ ဦးပွားစေတီတော် မြတ်ကြီးအားပြန်လည်ပြုပြင်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ကျောင်းတိုက်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားစေတီ အပျက်အစီး များအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု့အားပေးပြီး လုပ်ငန်းခွင် အန္တရာယ် မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ကုလားကျောင်းကျေးရွာအုပ်စုရှိ အရှေ့ရွာ နန်းပုဂံကျောင်းတွင် ငလျင်ဒဏ်ကြောင့် ဘုရားစေတီများ ထိခိုက်ပျက်စီးမှု အခြေအနေ များအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ် ပစ္စည်း များဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ မြင်စိုင်းမြို့ဟောင်းမြို့ကွက်(ဂ)အတွင်းရှိ နန်းဦးဘုရားပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ငြမ်းဆင်နေမှုအခြေအနေများ၊ ပတ္တာ ကျေးရွာအုပ်စုရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ အမှတ်(၆)အခြေခံမူလတန်းကျောင်း၌ G-1 နှင့် G-2 ကျောင်းသား၊ ကျောင်းသူများအား ROTARY CLUB အဖွဲ့မှ စာရေးကိရိယာများ ပေးအပ်နေမှုအခြေ အနေ အားလည်းကောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများနှင့် လူနေအဆောက် အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏တင်ပြချက်များ အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၂ ရက်
Thursday, June 12, 2025 - 15:45