ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးနေသည့် နေရာသို့ အကြမ်းဖက်သမားအဖွဲ့(စိစစ်ဆဲ)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် လုပ်အားပေး ဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၁၁
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့ စာသင်ကြားပေးနေသည့် အဆိုပါကျေးရွာရှိ ဦးကုလား(စိစစ်ဆဲ)၏ နေအိမ်ရှေ့ မြေကွက်လပ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ် တန်းကျောင်းမှ ရုံးအကူဝန်ထမ်းဖြစ်သူ ဒေါ်မိသဇင်(၃၆)နှစ်နှင့် ကျောင်းသား/ကျောင်းသူများဖြစ် ကြသည့် မောင်ဝေယံအောင်(၈)နှစ်၊ မလရိပ်ချို(၁၀)နှစ်နှင့် မသူဇာအေး(၆)နှစ်တို့လေးဦးတွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်ရပ်ကျေးရွာနေ လုပ်အားပေးဆရာမဖြစ်သူ မမိုးသူဇာ(၂၅)နှစ်နှင့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မစိုးစိုးစံ(၅)နှစ်၊ မအေးအေးမိုး (၈)နှစ်၊ မောင်အောင်ကျော်သူ(၄)နှစ်၊ မမျိုးစန္ဒာထွန်း(၆)နှစ်၊ မမျိုးသန္တာဦး(၇)နှစ်၊ မောင်လော်ချမ်း (၇)နှစ်၊ စောစံမြင့်အောင်(၇)နှစ်၊ မရွှေဇင်ထက်(၁၀)နှစ်၊ မယဉ်သူအေး(၉)နှစ်၊ မထွန်းရတနာ(၇)နှစ်၊ မောင်ကောင်းစည်သူစိုး(၇)နှစ်၊ မောင်လင်းလက်အောင်(၇)နှစ်၊ မချစ်မြတ်နိုး(၇)နှစ်၊ မငယ်ငယ်(၇)နှစ်၊ မမေလဝန်း(၇)နှစ်၊ မအိနန္ဒာဖြိုး(၇)နှစ်၊ မသွန်းသွန်းအိမ်စည်လင်း(၉)နှစ်၊ မသီသီဖြိုး(၉)နှစ်တို့ ၁၉ ဦး(ဆရာမ ၁ ဦး၊ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၁၃ ဦး)တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ တာဝန်ရှိသူများမှ ဒဏ်ရာရရှိသူများအား ကညင်ကတိုက်ကျေးရွာရှိ ကျေးလက် ဆေးပေးခန်းနှင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးအပါအဝင် လုပ်အားပေးဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။