မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် စစ်ကိုင်းပညာရေးတက္ကသိုလ် အတွင်းရှိ Grade-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများ အနီးကပ်စခန်း သွင်းလေ့ကျင့်နေမှုများနှင့် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်များကို ကျောင်းဖွင့်ရာသီအမီ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် နေအိမ်အဆောက်အအုံများ၌ အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် မိုးမကျမီ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းမြို့ရှိ ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ရေပေးဝေနေမှုနှင့် တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ထင်းဝန်းရပ်ကွက်၊ ချမ်းအေးသာစံ အလယ်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများ၌ ဖြိုချရှင်းလင်းရန် ကျန်အဆောက် အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်စီးဆဲ အန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှု၊ အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်နှင့် အောင်မြေသာစံရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သော သာသနိက အဆောက်အအုံများအား ကြည့်ရှု့စစ်ဆေး၍ ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေများဆက်ကပ်လှူဒါန်းပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းကျေးရွာနှင့် ဈေးချိုရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများနှင့် သာသနိကအဆောက် အအုံများ၌ အပျက်အစီးများအား တပ်မတော်သားများက အင်တိုက် အားတိုက် ရှင်းလင်းဖယ်ရှားနေမှု၊ စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည် တူးဖော်ရရှိသော ရှေးဟောင်းဌာပနာ ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ချမ်းမြသာစည်မြို့နယ်၊ သမ္ပဝတီရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးနေမှုများကို ကြည့်ရှုစစ်ဆေး၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပင်းယဆောင်တွင် ပညာသင်ကြား နေကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်နှင့် ကြက်မင်းတွန် ရပ်ကွက်များရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၊ ဆူးကုန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများသယ်ယူရန် စတီးကြိုး တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။