တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှုဖြစ်ပွား နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၀

Tuesday, June 10, 2025 - 14:30

          တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင် ကျေးရွာ ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာ အနီးသို့အရောက် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

          အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လေယာဉ်စက်ချို့ယွင်းမှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။