နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီ( ၄/၂၀၂၅)အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန် - ၆

Friday, June 6, 2025 - 20:30

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
    အစည်းအဝေးသို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး စစ်ကိုင်း တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ 
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အစည်းအဝေးတက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှု များအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်စွာ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် မတ်၂၈ ရက်က ရက်ချ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ယနေ့အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးပြီး ပြီးစီးသည့် အခြေအနေကို ပို၍ ယုံကြည်စိတ်ချမှုရှိအောင်၊ ပြင်ဆင်ဆဲ ဆောင်ရွက်နေသည်များကို ရေရှည်တည်တံ့အောင်နှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းကိစ္စရပ်များနှင့် ကျန်ရှိသည့် လုပ်ငန်းများကို  အချိန်ကာလအလိုက် ဆောင်ရွက်သွားရန်အတွက် ညှိနှိုင်း ဆွေးနွေးရန် ပြုလုပ်ခြင်းဖြစ် ကြောင်း။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှံးမှုများအနေဖြင့် ယနေ့အထိ  သေဆုံးသူ ၃၇၃၉ ဦး၊  ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၆၇ ဦး ရှိကြောင်း၊ ထို့ပြင် နေအိမ်အဆောက်အဦ ၆၃၀၀၀ ကျော် နှင့် စာသင်ကျောင်းများ၊ ဘုရားကျောင်း ကန်စေတီများ၊ လမ်းတံတားများ များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း ဘေးဒုက္ခခံ စားခဲ့ရသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အမြန်ဆုံးကယ် ဆယ်နိုင်ရေး  စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ငလျင်ဒဏ်ခံခဲ့ကြရသည့် ပြည်နယ်နှင့် တိုင်းဒေကြီးများမှ ဝန်ကြီးချုပ်များကလည်း အချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများကို ကြည့်မည်ဆိုပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ကြသည့်  နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဝင် ၂၆၈၈ ဦးကို စေလွှတ်ခဲ့ကြောင်း၊ အစောဆုံးအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ ကြောင်း၊ အလားတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဝင်များကလည်း နိုင်ငံတကာမှ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြောင်း။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး အချိန်ပိုင်းအတွင်း နိုင်ငံတကာသို့ အကူညီတောင်းခံမှု အကျိုးဆက်အဖြစ် ငလျင်ကြောင့် ဘေးဒုက္ခခံစားနေကြရပြီး ပိတ်မိနေကြသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများကို  အတက်နိုင်ဆုံးနှင့် အမြန်ဆုံး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ ကြောင်း၊ ထို့ပြင် ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စာနာ ထောက်ထားမှု ပစ္စည်းနှင့် ဆေးဝါး စုစုပေါင်း တန်ချိန် ၂၄၇၂ တန်ကို လေယာဉ်အစီးပေါင်း ၁၀၀ ၊ ရေယာဉ်ပေါင်း ၈ စီးနှင့် မော်တော်ယာဉ် ၂ စီးဖြင့် ပို့ဆောင်ထောက်ပံ့ ပေးခဲ့ ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းအတွေ့အကြုံများနှင့် ဗဟုသုတ များကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တို့က ရရှိခဲ့သည့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကိစ္စရပ်ပင်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော နည်းပညာမြင့်မားသည့် ပစ္စည်းကိရိယာ များ၏ သုံးစွဲပုံ၊ သုံးစွဲနည်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့ ရသည့်အတွက် အတွေ့အကြုံကောင်းများ ရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ စွမ်းစွမ်းတမံ အကူအညီများ ရရှိခဲ့သည့်အတွက် ငလျင်ကြောင့် ဘေးဒုက္ခခံစားရသူများကို အမြန်ဆုံး ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆက်လက် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ယနေ့အထိ စာရင်းများအရ ပြည်တွင်း၊ ပြည်ပ စေတနာရှင် ပြည်သူများက လှူဒါန်းမှု ၄ ကြိမ်အတွင်း ငွေကျပ် ၁၄၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတကာမှ အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမှ ပြည်ပရောက် စေတနာရှင်များ လှူဒါန်းမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ကိုရီးယား ဝမ် ၅ သန်း၊ အိန္ဒိယ ရူပီး ၁၆ သန်း၊ ထိုင်း ဘတ် ၂ သန်း၊ စင်္ကာပူဒေါ်လာ ၃၁၅၀၊ တရုတ်ယွမ် ၇၀၀ ၊ သီရိလင်္ကာ ရူပီး ၂ သိန်းခွဲ၊ နီပေါ ရူပီး ၃၇၀၀၀၊ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁၆၀၊ ဗီယက်နမ် ဒေါင် ၉၇၉၀၀၀၊ အင်ဒိုနီးရှား ရူပီး ၂၀၀၀၀၊  ကမ္ဘာဒီးယား ရီရယ် ၇၁၆၅၀၀  ၊ လာအို ကစ် ၁ ဒသမ ၇ သန်းကျော်၊ ရုရှား  ရူဘယ် ၂၆၃၀၀၀ ကျော်  ရရှိခဲ့ကြောင်း။
ယခုကဲ့သို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးနိုင်ငံ ၂၅ နိုင်ငံနှင့် ကယ်ဆယ် ရေးပစ္စည်း ပေးပို့သည့်နိုင်ငံ ၁၉ နိုင်ငံနှင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်များကို နိုင်ငံတော် ကိုယ်စား၊ ပြည်သူများကိုယ်စား၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနကိုယ်စား ကျေးဇူးတင်ရှိကြောင်းကို ယခုအစည်းအဝေးတွင် ထပ်မံပြောကြား လိုကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေးဒုက္ခကြုံတွေ့ခဲ့ချိန်များတွင် စာနာထောက်ထားမှုစေတနာမေတ္တာ အပြည့်အဝဖြင့် လှူဒါန်းပေးခဲ့ကြသည့် စေတနာရှင် ပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ငလျင်ဘေးနှင့် ပတ်သက်၍ လာရောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများအလိုက် အဖွဲ့များကို အမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးပို့ရေး လမ်းညွှန်ချက်အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့်  ဖြန့်ဝေးပေးထားပြီး ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံများအလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကိုလည်း ပေးအပ်သွား မည်ဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြုစုပေးပို့နိုင်ရေးလျာထား ဆောင်ရွက်သွားရန် လိုကြောင်း။ 
၎င်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းမှ လှူဒါန်းသည့် စေတနာရှင် ပြည်သူများ၏ အလှူငွေများနှင့် ပစ္စည်းများ ရောက်ရှိလာသည့် အပေါ်မူတည်၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ လက်ဝယ်အရောက် အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးရန် ညွှန်ကြားထားကြောင်း၊ မိမိတို့အနေဖြင့်လည်း ရောက်ရှိလာသည့် ပစ္စည်းများကို စာရင်းများပြုစုပြီး ပွင့်လင်းမြင်သာမှုရှိစွာ စနစ်တကျဖြင့် ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်မှုများကိုလည်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပေးလျက် ရှိကြောင်း၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိရရှိသည့် ပြည်တွင်း အလှူရှင်များ၏ ငွေကျပ် ၁၄၄ ဘီလီယံကျော်နှင့် ပြည်ပအလှူရှင်များ၏ အမေရိကန်ဒေါ်လာ ၅ သန်းကျော် အပါအဝင် နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကောင်မတီသို့ ရန်ပုံငွေ ထပ်မံထည့်ဝင်ပေးမှုနှင့် ငလျင်ဘေးသင့်ချိန် အရေးပေါ်ကူညီကယ်ဆယ်ရေး၊ အပျက် အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အင်တိုက်အား တိုက် ဆောင်ရွက်နိုင်ရန် ထည့်ဝင် ပေးထားကြောင်း။
ယနေ့အထိ သုံးစွဲပြီးသည့်ငွေ စုစုပေါင်း ငွေကျပ် ၂၆၄ ဒသမ ၆၅၆ ဘီလီယံ ရှိကြောင်း၊ ထိုသို့ သုံးစွဲရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၄၅  ခုမှ ဝန်ထမ်းနှင့် မှီခိုသူ ၁၃၀၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ငပိ သုံးလစာ ထောက်ပံ့ခြင်း၊ ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ကျောင်းများတွင် ယာယီကျောင်း ဆောင်များ ပြုလုပ်ရန် ကြိုတင်ငွေများ ပေးအပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးများနှင့် အထူးအ ဆောက်အအုံများ ပြင်ဆင်နိုင်ရန် ပေးအပ်ခြင်းများ ရှိကြောင်း၊ ထို့ပြင် ဘေးဒုက္ခ ရောက်ခဲ့သည့် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့ငွေများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေလွှာများ မီးလောင်ခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးသုံးခုမှ အခြေခံပညာအထက်တန်း Gradr-12 စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ ၃၅၉၂၂ ဦးနှင့် ယင်းတို့ကို အနီးကပ်သင်ကြားပေးမည့် ဆရာ ဆရာမ ၆၇၂၉ ဦးတို့အတွက် Camp အတွင်း နေထိုင်စားသောက်ရေး စရိတ်များ၊ စာရေး ကိရိယာ ဖြည့်ဆည်းပေးမှုစရိတ်များ၊ အဝေးမှ ပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် လာရောက် သင်ကြားပို့ချပေးကြသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ခရီးစရိတ်၊ တည်းခိုနေထိုင်ရေး ကိစ္စရပ်များတွင် အသုံးပြုရန် စုစုပေါင်းငွေကျပ် ဘီလီယံ ၂၀ ကို နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ယခုလတွင် ထောက်ပံ့ပေးခဲ့ကြောင်း၊ ထိုထောက်ပံ့ ငွေများတွင် ခရီးစရိတ်များ၊ စားစရိတ်များ၊ နေ့တွက်စရိတ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ  ပါဝင်ကြောင်း၊ ငလျင်ဘေးသင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုအပေါ်မူတည်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးရန် DMC မှ တွက်ချက်ထားပြီး ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ မပါ လူနေအိမ် ၃၉၆၀၃ အိမ်ရှိကြောင်း၊ အဆိုပါအိမ်များ ပျက်စီးမှုအလိုက် စိစစ်ဆဲ ဖြစ်ပြီး မကြာမီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း။
ဝန်ထမ်းအိမ်ရာများတွင် ပြိုကျပျက်စီးမှုများအနက် တိုက်များပိကျ၍ အိမ်အသုံး အဆောင်ပစ္စည်းများဆုံးရှုံးခဲ့သည့် ဝန်ထမ်းအိမ်ထောင်စု ၄၄၉ စုအတွက် ဝန်ကြီးဌာနများ မှ ပြည်ထောင်စုဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များက ထောက်ပံ့ပေးသည်များ ရှိသော်လည်း နိုင်ငံတော်အနေဖြင့်လည်း ပုံမှန်နေ့စဉ် အသုံးပြုနေရသည့် အိမ်အသုံး အဆောင်ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အိမ်ထောင်စုများတွင် ဝန်ထမ်း ၆၀၅ ဦး နှင့် မှီခိုသူ ၁၁၈၁ ဦး စုစုပေါင်း ၁၇၈၆ ဦး စာရင်းအရ သိရှိရကြောင်း၊ ထိုသို့စာရင်းများကောက်ယူရာတွင် အဆင့်ဆင့်လုပ် ဆောင်ရသောကြောင့် ကြန့်ကြာမှုများရှိသည့်အတွက် ဝန်ကြီးများကိုယ်တိုင် စိစစ် ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်  တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ မိုးရာသီအမီ ဝန်ထမ်းများ လုံလုံခြုံခြုံဖြင့် အမိုးအကာအောက်နေထိုင်နိုင်ရန် အတွက် Prefabricated House/ Office များကို သံရုံးမှတစ်ဆင့် အကူအညီ တောင်းခံခဲ့မှုကြောင့် Prefabricated Office အလုံးရေ ၅၀၀ နှင့်  Prefabricated House အလုံးရေ ၄၅၀၀ ရရှိပြီး ဖြစ်ကြောင်း။ 
အဆိုပါရောက်ရှိလာသည့် Prefabricated House/ Office များအနက် ၃ ပုံ ၂ ပုံခန့် ဖြန့်ခွဲပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ထို့ပြင် စက်သုံးဆီအနေဖြင့်လည်း ဒီဇယ် ဂါလံ ၇ ဒသမ ၉ သန်းနှင့် ဓာတ်ဆီ ဂါလံ ၆ သန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေး ကာလအတွင်း လိုအပ်သလို အသုံးပြုနိုင်ရေး ထောက်ပံ့ပေးအပ်ခဲ့မှုအပေါ် သယ်ယူ ပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် စနစ်တကျသုံးစွဲပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းအပြင် ကျန်အလှူရှင်နိုင်ငံများကလည်း ယာယီကျောင်းဆောင်များ၊ ရုံးခန်းများ ပံ့ပိုးကူညီပေးလျက်ရှိကြရာ နိုင်ငံတော်အစိုးရ ကိုယ်စား၊ DMC အနေဖြင့် ကျေးဇူးများစွာ တင်ရှိမှုကိုလည်း ဆက်လက်ဖော်ပြလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ပြီးခဲ့သည့် မေလ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် မဏ္ဍိုင်ကြီး သုံးရပ်ကို ထည့်သွင်းဆွေးနွေးသွားကြောင်း၊ အဆိုပါ မဏ္ဍိုင်ကြီး သုံးရပ်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး၊ အခြေခံ အဆောက်အဦများ ပြန်လည် တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်းနှင့်  ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ  စသည်တို့ဖြစ်ကြောင်း၊ အဆိုပါသုံးရပ်ကို မိမိတို့ အနေဖြင့်၊ DMC အနေဖြင့်လည်း လုပ်ငန်းလမ်းညွှန်ချက်အဖြစ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပထမ မဏ္ဍိုင်နှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှုကိစ္စရပ် များကို နိုင်ငံတော် ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ငလျင်လှုပ်ခတ်ပြီး ၇၂ နာရီအတွင်း လုပ်ဆောင်နိုင်ခဲ့ ကြောင်း၊ လူမှုကာကွယ်ရေး ကိစ္စရပ်တွင် ငလျင်ဒဏ်သင့် ပြည်သူများနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို အားလုံးဝိုင်းဝန်းပြီး အမြန်ဆုံး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ဆဲလည်းဖြစ်ကြောင်း၊ ဒုတိယမဏ္ဍိုင်နှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြန်လည်တည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သည့် လူမှုအဆင့်အတန်းနှင့် လူမှုဝန်းကျင်ပြန်လည်တည် ဆောက်နိုင်ရေး ကို လမ်းညွှန်မှာကြား ထားကြောင်း၊  မိုခါ၊ ရာဂီမုန်တိုင်းတို့တွင်ပျက်စီးသွားခဲ့သည်များကို အသစ်ပြန်လည်တည် ဆောက်ရာတွင် မူလထက်သာလွန် ကောင်းမွန်အောင် ဆောင်ရွက် ရမည့် မူဝါဒရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင်  နိုင်ငံ့စီးပွားရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနေသည့် MSME လုပ်ငန်းများအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း ကိုယ်တိုင် ငလျင်လှုပ်ခတ်ပြီးလျှင်ပြီးခြင်း စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုဇုန်များသို့ သွားရောက်၍ ပျက်စီးဆုံးရှုံးခဲ့မှုများကို MSME လုပ်ငန်းရှင် များနှင့်တွေ့ဆုံ၍ လိုအပ်ချက် များနှင့် နိုင်ငံတော်မှ ကူညီပြီး ပံ့ပိုးပေးစေလိုသည့် အချက်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ထိရောက်စွာ ဆွေးနွေး အဖြေရှာခဲ့ကြောင်း၊ ပျက်စီးမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတွင် MSME လုပ်ငန်းပေါင်း ၃၀၆ ခု ရှိကြောင်း၊ ပျက်စီးဆုံးရှုံးသွားခဲ့သည် များကို အမြန်ဆုံး ပြန်လည်ကုစား၍ လုပ်ငန်းများ လည်ပတ်နိုင်ရေး အဆင့်ဆင့် စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ သို့မဟုတ် MSME ရန်ပုံငွေအပြင် ဘဏ်များနှင့် ချိတ်ဆက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အမှန်တကယ် ငွေကြေးလိုအပ်သည့် လုပ်ငန်းရှင်များ အတွက် ပုဂ္ဂိကဘဏ်များမှ ငွေကြေးထုတ်ချေး ရာတွင် သက်သာသည့် အတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားလိုကြောင်း။
တတိယမဏ္ဍိုင်နှင့် ပတ်သက်၍ သဘာဝဘေးအလွန် အမျိုးသားအဆင့်အနေဖြင့် နောက်တစ်ကြိမ်မဖြစ်စေရန် စနစ်တကျ စီမံချက်များရေဆွဲပြီး ဆက်လက်ဆောင်ရွက် သွားရန် ဖြစ်ကြောင်း၊ ပျက်စီးသွားခဲ့သည်များကို အသစ်ပြန်လည်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲအောင်နှင့် ငလျင်လှုပ်ခတ်လာမည်ဆိုပါက ပြိုကျပျက်စီးခြင်းများ မရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ကြရမည့် အဆောက်အဦများအားလုံးသည် မြေသားစမ်းသတ်မှုအပါအဝင် ရစ်ချ်တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန် ဆောက်လုပ်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာများအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂ ကြိမ်၊ ငလျင် ၉ ကြိမ်၊ ရေကြီးမှု ၃၂ ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁ ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်းဘေး အနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေး အနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ကြောင်း၊ ၎င်းအနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး အနေဖြင့် ရေဘေး ၇၁ ကြိမ် ကျရောက်ခဲ့ ကြောင်း၊ မုန်တိုင်း အနည်းဆုံး ၂၁ ကြိမ်မှ အများဆုံး အကြိမ် ၆၀ အထိ ဖြစ်ပွားခဲ့ကြောင်း၊ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ၃ ကြိမ်မှ ၅ ကြိမ်နှင့် တောမီးလောင်မှု ၁ ကြိမ်မှ ၉ ကြိမ်အထိ ဖြစ်ကြောင်း၊ အထက်ပါ အချက်များကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရေဘေးအန္တရာယ်နှင့် မုန်တိုင်းအန္တရာယ်မှာ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သတိပြုကြရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် လည်း ယခုအခါ မိုးတွင်းကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် ဖြစ်လာနိုင်သည် သဘာဝဘေးအန္တရာယ်များကို တွက်ချက်၍ ကြိုတင် ကာကွယ် တားဆီး ခြင်းဖြင့် ထိခိုက်ပျက်စီးမှုနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့် စီမံချက်များလည်း ရေးဆွဲထားရှိ ပြီးဖြစ်သည့် အတွက် စီမံချက်များအပေါ် တာဝန်ရှိသူများက ကြိုတင် ကာကွယ်ခြင်း၊ ဇာက်တိုက် လေ့ကျင့်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရေးဘေးနှင့် အတူ မုန်တိုင်းဘေး အန္တရာယ် ကိုလည်း သတိထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၁၀ နှစ်အတွင်း လအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့မှုများကို လေ့လာ ဆန်းစစ်ပြီး မျက်ခြေမပျက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စောင့်ကြည့်လေ့လာနေရမည် ဖြစ်ကြောင်း၊ လေ့လာကြည့်ရှုရန် European Centre for Medium-Range Weather Forecasts (ECMWF) website-https://www.ecmwf.int ၊ National Hurricane Center မှ Global Forecast System (GFS) Website-https://www.ncei.noaa.gov/products/weather-climate-models/ global-forecast နှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန Website ဖြစ်သည့် http://www.dmh.gov.mm Website များ ရှိကြောင်း၊ အဆိုပါ  Website များကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ကလည်း ရုပ်မြင်သံကြားများနှင့်နေ့စဉ်ထုတ်သတင်းစာများတွင် စဉ်ဆက်မပြတ် သတိပေး ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း။
ပြည်သူများနှင့် ဝန်ထမ်းများ မိုးရာသီတွင် လုံလုံခြုံခြုံအမိုးအကာအောက် နေထိုင်ရန် ယာယီအားဖြင့် ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း မလုံလောက်သေးဘဲ လိုအပ်ချက်များရှိပါက အစည်းအဝေးတွင်သာမဟုတ်ဘဲ အချိန်နှင့် တစ်ပြေးညီ  သက်ဆိုင်ရာကော်မတီများနှင့် တာဝန်ရှိသူများကို တင်ပြစေလို ကြောင်း၊ သို့မှသာ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ စာရင်း ဇယားများ ကောက်ယူရာတွင် မှန်မှန်ကန်ကန်နှင့် တိတိကျကျ ဖြစ်ပြီး အချိန်ကုန်မှု မရှိဘဲ အဆင့်ဆင့် စိစစ်၍ တင်ပြစေလိုကြောင်း၊  နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ ပြည်သူများ လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ရေး ကိစ္စရပ်များတွင် အတက်နိုင်ဆုံး အဆင်ပြေစေရေး ရရှိလာသည့် အလှူငွေများ၊ နိုင်ငံတော်မှ ထည့်ဝင်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေများမှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို စနစ်တကျစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ကျန်ရှိသည့် လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ စသည်များကို စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေးကာလအတွင်း မူလအခြေအနေထက် ပိုမိုကောင်း မွန်စေရေး ပြုပြင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အနှောက် အယှက်များ ရှိမည်ဖြစ်သော်လည်း အကောင်းဆုံး ကျော်လွှားရမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာများအနေဖြင့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အဓိက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ငလျင်ဘေး အန္တရာယ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၏ ထိခိုက်ပျက်စီးခဲ့မှုများကို  မြန်မြန် ဆန်ဆန် ပြုပြင်ပြီး အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များကလည်း တင်ပြထားသည့် ကိစ္စရပ်များအပေါ် ခွင့်ပြုချက်ရပြီးသည်နှင့် ကူညီ ထောက်ပံ့ရေး ပစ္စည်းများကို ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေးပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် လိုအပ်သည် ဆောက်လုပ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ရပ်ဆိုင်းသွားသည့် ဘိလပ်မြေစက်ရုံ များ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း၊ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်က စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေး ပြီးဖြစ်သော်လည်း လိုအပ်ချက် များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးစေလို ကြောင်း၊ ကျန်းမာရေးဆိုင်ရာအနေဖြင့် ယာယီစခန်းများတွင် ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ပြည်သူများ စုဖွဲ့နေထိုင်ကြသဖြင့် ယနေ့ခေါင်းပြန်ထောင် လာသော Covid 19 အိုမီခရွန် မျိုးကွဲနှင့်ပတ်သက်၍ ကူးစပ်ပြန့်နှံ့မှုများ လုံးဝမရှိစေရေး ထုတ်ပြန်ထား သည့် SOP များအတိုင်း ဆောင်ရွက်ပေးရေး၊ ပြည်သူများလိုက်နာနေ ထိုင်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ရန် ကျန်အချက် များ၊ ရေတိုရေရှည် အစီအမံများနှင့် လိုအပ်ချက်များကို တင်ပြသွားကြရန် လိုအပ်ကြောင်း ဖြင့် ဆွေးနွေး ပြောကြားသည်။ 
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်းတို့က ငလျင်ဘေးဒဏ်သင့် ဒေသများ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးဆောင် ရွက်ပေးနေမှု၊ ငလျင်ဘေးဒဏ်သင့် အဆောက်အဦများအတွင်း ကျန်ရှိနေသည့် ပစ္စည်းများအား ကူညီရှာဖွေဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးဒဏ်သင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု၊ ငလျင်ဘေးသင့် ရုံးများနှင့် ဝန်ထမ်းများအတွက် Prefabricated House/ Office များတည်ဆောက်၍ နေရာချထားပေးမှု၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပေးနေမှု၊ ပျက်စီးဆုံးရှုံးမှုများ၏ မူလတန်ဖိုးနှင့် လက်ရှိ ကာလတန်ဖိုး တွက်ချက်ထားရှိမှု၊  နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိ လာမှုနှင့် ငလျင် ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည် ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင် အေးက  ယာယီရုံးများဦးစားပေး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊  စစ်ဆေးရေးအဖွဲ့ များဖြင့် ရုံး၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များနှင့် အထူးအဆောက်အဦများအား စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိချက်များ၊ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု တို့ကို ရှင်းလင်း တင်ပြသည်။ 
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားတင်ပြသည်။  
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာနများအလိုက် ရုံး၊ အဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများ အကဲဖြတ်အရောင်သတ်မှတ်ချက် များအလိုက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများအား ပြန်လည်နေရာချထားမှု၊ ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးနေမှု၊ နိုင်ငံတကာအကူအညီများအား စနစ်တကျစိစစ်လက်ခံပြီး ငလျင့်ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးနေမှု၊ MSME လုပ်ငန်းများ ချေးငွေများ ရယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးထားမှု၊ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံရည်ကြိုစက်ရုံများ လည်ပတ်နိုင်မှုနှင့် ပစ္စည်းမျာ ထုတ်လုပ်နေမှု၊ ပြန်လည်ထူထောင်ရေးကာလ ၁၈ လအတွင်း သံချောင်းလုံးနှင့် သံမဏိလိုအပ်ချက်များ၊ ငလျင်ဒဏ်သင့် ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေမှု၊ ငလျင်ဒဏ်သင့် ဒေသများတွင် ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ငလျင်နှင့် ပတ်သက်သည့် သတင်းမှန်များ ကိုလည်း နိုင်ငံပိုင်မီဒီယာမှတဆင့် ပြည်သူများထံသို့ ထုတ်ပြန်ပေးနေမှု၊ လမ်း၊ တံတားများ ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြုပြင်ပြီးစီးမှု၊  ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဆည်မြောင်း၊ တာတမံများအား ပြန်လည်ပြုပြင် ပြီးစီးမှုနှင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေမှု၊ ကယ်ဆယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ အဆင်သင့် စုဖွဲ့ထားရှိမှုနှင့် ကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။