ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၅ ရက်

Thursday, June 5, 2025 - 16:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက်ရှိ သကျဓီတာ သီလရှင်စာသင်တိုက်၊ နန်းဦးမြို့သစ် သမိုင်းဝင်ရွှေကြက်တောင်စေတီ၊ သောတပန်ရပ်ကွက် ရွှေဟင်္သာကျောင်း တိုက်နှင့် ခေမာသီဝံချောင် ကျောင်းတိုက်များ၌  သာသနိကအဆောက်အဦများ မိုးမကျမီဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရား အင်အားများ တိုးချဲ့၍ အရှိန် အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရွာထောင် ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဒီဇယ်ရှိ စာသင်ကျောင်းဆောင်(၂) ဆောင်ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး စာသင်ကျောင်းဆောင်(၂)ဆောင်နှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး ပြန်လည် ပြုပြင်ထားသည့် ကျောင်းဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်းများ၊ သီလရှင် ကျောင်းများ ပြန်လည်တည်ဆောက်ရာအတွက် လျာထားမြေနေရာပေးရန် ရွာထောင် ရပ်ကွက်ရှိ မြေနေရာအချို့အား တာဝန်ရှိသူများနှင့် ကွင်းဆင်ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက် ရာဇမဏိစူဠာကောင်းမှုတော်စေတီ အတွင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များအား တပ်မတော်သားများက ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ဖယ်ရှားရှင်းလင်း နေမှုများအားလည်းကောင်း၊ ကျောက်ဆစ်ရပ်ကွက် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းဆောင်အတွင်းရှိ ကျောင်းသုံး ပစ္စည်းများ သယ်ယူရွေ့ပြောင်းပေးနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ မေဃဂီရိရပ်ကွက်၊ မဟာဇေယျာဘုံရပ်ကွက်နှင့် အနိပ်တော်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင် ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ် ရှင်းလင်းနေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် နေ့လည်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နှင့် စိန်ပန်းရပ်ကွက်တို့ရှိ  ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော  အန္တရာယ်ရှိ လူနေ အဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဖြိုချပြီး အပျက် အစီးများ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရှားတောလေးကျေးရွာရှိ စွယ်တော်မြတ် စေတီတော်သို့သွားရောက်၍ စေတီတော် ပတ်ဝန်းကျင်နှင့် ဗောဓိငါးထောင်နဒ္ဒဝန် ဉယျာဉ်တော်အတွင်း အဖွဲ့အစည်းအသီးသီးမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဘုရားရင်ပြင်တော်ရှိ ကျောက်ပြားများ ပြန်လည်ပြုပြင်ဆောင်ရွက် နေသည့် အခြေအနေများအား လည်းကောင်း၊ အက်ကွဲသွားသော ဂန္ဓကုဋီတိုက် အောက်ခြေလှေကားဝဲ/ယာရှိ မကန်းရုပ်အောက်ခြေ နေရာအက်ကွဲကြောင်းအတွင်း အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ(PE)အဖွဲ့များ၏ စစ်ဆေးချက်အရ သဲများ လောင်းထည့်ပြုပြင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေး၍ စေတီတော်၏  ထီးတော်၊ စိန်ဖူးတော်၊  ငှက်မြတ်နားတော်များရှိ ရတနာပစ္စည်းတော် များအား စနစ်တကျ မှတ်တမ်းပြုစု ထားရှိရေးမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

    ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ  မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနန္တဂုဏ်ရည်ငါးထပ်ဓမ္မဗိမာန်တော်ကြီး၏ ခေါင်းမိုးများနှင့် အမိုးကိုင်းမျက်နှာကျက် များ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများ အားလည်းကောင်း၊  ကျောင်းအတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မဟာလောကထွဋ်ခေါင်စေတီတော်အား ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည် ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

            အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်  နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ မင်းရဲဆည်အတွင်း၌ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် Kyaukse Rescue (လူမှုကယ်ဆယ်ရေးအဖွဲ့)မှ သဘာဝဘေး အန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Speed Boat မောင်းနှင်လေ့ကျင့်မှုနှင့် ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေး အန္တရာယ်များအတွက် မြေပြင်၌ အမှန်တကယ်လက်တွေ့ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှာကြားခဲ့ကာ လေ့ကျင့် ဆောင်ရွက်နေသူများ အား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

            ထို့နောက် ကျောက်ဆည်မြို့၊ ရွာနိုင်ရပ်ကွက်ရှိ ရွှေကျီးနားကျောင်းတိုက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ဆောက်လုပ်နေမှုအခြေ အနေများအားသွားရောက်ကြည့်ရှုခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရှိ ဘောဂဗလပလတ် စတစ်ဗူးခွံစက်ရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် စက်ရုံ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု အခြေအနေများအား လည်းကောင်း၊ ကျောက်ဆည်မြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည် ပြုပြင်တည် ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြား များအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေ အနေများအား လည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။