စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ပထမအင်းဝခေတ် မိုးညှင်းမင်းတရားကြီးက သက္ကရာဇ်(၇၈၉)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော မဟိယင်္ဂဏ စေတီတော်ကြီးသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် မဟိယင်္ဂဏ စေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိ ကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။ ထို့နောက် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး ပန္နက်တင်ခြင်းမင်္ဂလာပြုလုပ်ကြသည်။
၎င်းနောက် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို သံဃာတော်များ၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ကြပြီး အမွှေးနံသာရေများ ပက်ဖျန်း၍ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။