၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၃

Tuesday, June 3, 2025 - 15:30

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိရာ ကျောင်းများစတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀၃၁၀၁၂ ဦး  တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင်  သင်ရိုးညွှန်း တန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ် လျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက် ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် စာသင်ခုံများ ကြိုတင်နေရာချထားပေးခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန် စေရေးတို့အတွက်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသင်ခန်းစာများ သင်ကြား/ သင်ယူနေမှုတို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။