ညောင်ရွှေမြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့်နေရာများအား ဖယ်ရှားရှင်းလင်းပြီးစီးမှုနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၅ ဇွန် ၃

Tuesday, June 3, 2025 - 15:30

          ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာအုပ်စု၊ နမ်းဟူးကျေးရွာရှိ ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်း၌ စက်ယန္တာရားကြီးများဖြင့် မြေထိန်းနံရံများ ပြုလုပ် ဆောင်ရွက်နေမှုများ၊ ဖောင်တော်ဦးဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော် Soil Test တူးဖော်ပြီးစီးမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက် အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့နောက် တိုင်းမှူးသည် ငလျင်ဒဏ်သင့်ဒေသခံပြည်သူများအတွက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်က ဆောက်လုပ်လှူဒါန်းသည့် နေအိမ်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် အမှာစကားပြောကြား၍ ငလျင်ဒဏ်သင့်ဒေသခံပြည်သူများအတွက် အဆောက်အအုံနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းပြီး ဇရပ်ကြီးကျေးရွာရှိ ဆောက်လုပ်ပြီးစီးသည့် ဒေသခံပြည်သူတစ်ဦး၏နေအိမ်သို့ သွားရောက်ကြည့်ရှုသည်။

          ၎င်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကေလာကျေးရွာအုပ်စု၊ ကေလာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပို့ချနေမှုများနှင့် ယာယီကျောင်း အဆောက်အအုံ ဆောက်လုပ်သည့် နေရာများကိုကြည့်ရှု၍ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ပြီး ဇရပ်ကြီး ကျေးရွာ၊ ကေလာကျေးရွာရှိ ဒေသခံနေအိမ်အဆောက်အအုံများအား ပြန်လည်ပြုပြင် တည်ဆောက်ခြင်း အခြေအနေများကို ကြည့်ရှုကြသည်။

          အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့်တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီတော်၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း နှင့် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ စေတီတော်၏ ကန္ဓကုဋီတိုက်အတွင်း ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အလှူငွေများပေးအပ်ကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။