၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား နေပြည်တော်၊ ၂၀၂၅ ဇွန် ၂

Monday, June 2, 2025 - 15:30

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်သည်။

 နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၂၂၉၅၄ ဦး  တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချ ပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာ သင်ကြားလျက်ရှိသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင်  သင်ရိုး ညွှန်း တန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ် လျက်ရှိသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။

နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်၍ ဆရာ/ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများမှ ကျောင်းသင်ခန်းစာများ သင်ကြား/ သင်ယူနေမှုတို့အား နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများ ကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက် ရှိကြောင်း သိရှိရသည်။