ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အဦ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင် တည်ဆောက်ပြီး

Saturday, May 31, 2025 - 16:00

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အဦ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင် တည်ဆောက်ပြီးစီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၃၁

            ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊  ပြည်ထဲရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ ရုံးအမှတ်(၄၅)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးချုပ်ရုံးအနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ များအားလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးအမှတ်(၁၀)အနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ မှုခင်းဆိုင်ရာ DNA ဌာနရုံးဝန်းအတွင်း မြေကွက်လပ်၌ ယာယီဘာရှာအဆောက်အုံများ တည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်အချောထည် ဈေးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင်မြေနေရာ၌ CONTAINER HOUSE များ တပ်ဆင်ဆောက်လုပ် နေမှု အခြေအနေများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေး ဌာနခွဲဝန်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက် အအုံများနှင့် တပ်ဆင် ဆောက်လုပ်ဆဲ CONTAINER HOUSE များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း တင်ပြကြပါသည်။

            ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ရုံးအဆောက်အဦ ပြန်လည်ပြုပြင်ရာ၌ SOP နှင့်အညီ သတ်မှတ်အရည်အသွေး စံချိန်စံနှုန်းပြည့်မီစေရေး၊ ယာယီဘာရှာ အဆောက်အအုံများနှင့် CONTAINER HOUSE များ ၌ ရေ၊ မီး၊ မိလ္လာစနစ်များအား ကောင်းမွန်စွာ ရရှိအသုံးပြုနိုင်ရေး၊ အဆောက်အအုံများ ပတ်လည်တွင် ရေဝပ်မှုမရှိစေရေး ရေနုတ်မြောင်း များအား စနစ်တကျ တူးဖော်ပေးရန်၊ မြေသားလမ်းများအား ဗြုန်းမြေသားထပ်ပိုး၍ စနစ်တကျ ခင်းကျင်း ဆောင်ရွက်ပေးရန်နှင့် တည်ဆောက်မှုလုပ်ငန်းများအား အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။