ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကျင်းပ

Friday, May 30, 2025 - 15:45

ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ မေ - ၃၀
    ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင် ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားသည်။
    အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့  Myanmar Narrative Think Tank နှင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာ အခမ်းအနားအား “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီး 
“မြေငလျင်ဘေးအလွန် အကျပ်အတည်းများအကြားမှ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ကာ ကျော်လွှားကြမည်” Video Clip ကို ကြည့်ရှုကြသည်။
    ယင်းနောက် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ များအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်ကြသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖိုရမ်ကြီးကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်း လာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေး ပိုမိုကောင်းမွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့်  မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေး အခွင့်အလမ်းများကိုသိရှိအသုံးချပြီး ပြည်တွင်းက ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်စေရန်ဟူသည့်  ရည်ရွယ်ချက်(၃)ရပ်ဖြင့့် ကျင်းပခြင်း ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၃၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ(၅၁၀၄) ဦးနှင့် ပျောက်ဆုံးနေသူ (၆၈)ဦးရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း ၌ပင် ပျက်စီးဆုံးရှုံးမှုပမာဏများပြားသည်ကိုတွေ့ရသည့်အတွက် မိမိအနေဖြင့် ချက် ချင်းဆိုသကဲ့သို့ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ပြည်တွင်း ပြည်ပမှ အကူအညီများပေးအပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံ ပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် (၃၁၀၉ ဒသမ ၃၁၇)ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁၀၇၀)ဦး ကျန်းမာရေးစောင့်ရှောက်ရေးပညာရှင်များ နှင့့် ဆရာဝန်များ(၂၈၇)ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးခဲ့ကြကြောင်း။
ငလျင်လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများသည် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးများကတစ်ဆင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ယင်းအတွက် မန္တလေးငလျင်ကြီး ကယ်ဆယ်ရေးလုပ်ငန်း များတွင် ကူညီခဲ့ကြသည့် နိုင်ငံများမှ အစိုးရများနှင့် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ကို နိုင်ငံတော်အစိုးရနှင့့် မြန်မာပြည်သူများကိုယ်စား ပြောကြားလိုကြောင်း၊ မန္တလေး ငလျင်ကြီးကြောင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ ကြောင်း၊ တွက်ချက်ထားမှုအရ  ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ရှိခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် မိမိတို့အားလုံး ဆောင်ရွက်နေပြီဖြစ် ကြောင်း။
ယနေ့ကျင်းပသည့်ဖိုရမ်သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည်ကုစားမည်၊ မည်သို့ပြန်လည်ထူထောင်ကြမည်၊ ထိုသို့ ပြန်လည်ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သည့်အခွင့်အလမ်းများ ရှိလာ နိုင်မည်ကို လူမှုစီးပွားအမြင်ရှုထောင့်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာပညာရှင်များ၏ သုံးသပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသည့့် စီးပွားရေး နယ်ပယ်အသီးသီးမှ အကြံ ပြုချက်များကို စုစည်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ ယခုနေရာကို စုဝေးရောက်ရှိလာကြခြင်းသည် မိမိတို့မည်မျှဆုံးရှုံးခဲ့သည်ကို တွက်ချက်ဖော်ပြ ဝမ်းနည်းနေကြခြင်းထက် မီးလျှံထဲကဇာမဏီငှက်ကဲ့သို့ မိမိတို့ မည်သို့ပြန်လည်နိုးထ ရုန်းကန်ရှင်သန်ကြမည်၊ မည်သို့ပြန်လည်တည်ဆောက်ကြမည်၊ ယင်းထက် အရေးကြီး သည်မှာ မည်သို့ ပိုပြီး ကောင်းအောင်တည်ဆောက်ကြမည်ဆိုသည်ကို  နိုင်ငံချစ်စိတ် အခြေခံပြီး စည်းလုံးချစ်ခင်ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ကြရန်ပင် ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏ လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါ ဖျက်ဆီးဖြတ်တောက်ခဲ့ကြောင်း၊ အသက်များဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးသင့်ပြည်သူများ သည် နေရပ်များယာယီရွှေ့ပြောင်းခဲ့ရကြောင်း၊ ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေခဲ့သကဲ့သို့ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ် မှုများ အထိုက်အလျောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုမိမိတို့သည် အင်အားရှိလှ သည့့် အမှန်တရားတစ်ခုနှင့်နိုးထလာခဲ့ကြကြောင်း၊ ယင်းအမှန်တရားသည် မြန်မာ လူမျိုးများ၏ ပြင်းပြသည့်စိတ်ဓာတ်နှင့်စုစည်းညီညွတ်မှုသည် ငလျင်ကြောင့် ကျိုးပဲ့ ပျက်စီးသွားမှုမရှိဘဲ ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု မိမိအနေဖြင့် အခိုင် အမာ ပြောလိုကြောင်း။
မိမိ၏ ယခုဆွေးနွေးပြောဆိုမှုသည် တွေးတောစဉ်းစားမှု တစ်ခုသာမျှမကဘဲ လမ်းပြမြေပုံတစ်ခုအတွက် အုတ်မြစ်ချခြင်းဟုလည်း ပြောလိုကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် စီးပွားရေး ပြန်လည်ကုစားကြရာတွင် မိမိတို့၏ စုပေါင်းရှုမြင်မှုများ နှင့့်အတူ ဆောင်ရွက်သင့်သည့့် မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ကို မိမိ သုံးသပ် ပြောကြားလိုကြောင်း။
ယင်းသုံးရပ်မှာ ပထမမဏ္ဍိုင်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့်လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ ဒုတိယမဏ္ဍိုင်အဖြစ် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေး ပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) နှင့် တတိယမဏ္ဍိုင်အဖြစ် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) စသည်တို့ ဖြစ်ကြကြောင်း။
ပထမဆုံးမဏ္ဍိုင်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေး မှုများနှင့် လူမှုကာကွယ်ရေးအနေဖြင့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး မိမိ တို့၏ဦးစားပေးမှုသည် ရိုးရှင်းပြီးအဆောတလျင်လုပ်ရမည့်ကိစ္စဖြစ်သည့့် အသက်များ ကို ကယ်တင်ရန်နှင့့်လူမှုအသိုက်အဝန်းတည်ငြိမ်မှုရရှိစေရန်  မိမိတို့ စတင်လုပ်ဆောင် ခဲ့ကြကြောင်း၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများအကြားတွင် သိသာထင်ရှား သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင်‌ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခုဆောင်ရွက်နေခြင်းများအပေါ်တွင် ပိုမိုထိရောက်အောင် အရှိန်မြှင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ငလျင်ကြီးကြောင့် လူပေါင်းခြောက်သိန်းခန့်အပေါ် တိုက်ရိုက်အကျိုးသက် ရောက်မှုရှိခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း၊ ငလျင်ဘေး ကြီးမားစွာ ခံစားရသည့်ဒေသများတွင် ငလျင်လှုပ်အပြီး (၇၂)နာရီအတွင်း အရေးပေါ် ရွက်ဖျင်တဲများကို တည်ဆောက်ပေးခဲ့ကြောင်း၊ သန့်ရှင်းသည့့်ရေ၊ အစားအသောက် နှင့် ဆေးဝါးများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့့် ငလျင်ကြောင့် ပျက်စီးခဲ့သည့်ဒေသများတွင် ရွှေ့ပြောင်းဆေးရုံနှင့်ဆေးခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း၊ လူမှုအသိုက်အဝန်းကြား အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့့် အသက်ဘေးက လွတ်မြောက်လာသူများ၏ စိတ်ထိခိုက် ခံစားမှုများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုပါ ထည့်သွင်းဆောင်ရွက် ခဲ့ကြကြောင်း။
သို့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများဆိုသည်မှာ သက်သာသွားရုံဖြင့် ရပ်တန့်ပစ်၍ မရကြောင်း၊ ယင်းအကူအညီများကို လူမှုကာကွယ် ရေးစနစ်တစ်ခုအတွင်းသို့ ကူးပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့့်် မိမိတို့သည် ယာယီနေအိမ်မှ ငလျင်ဒဏ်ခံနိုင်သည့့် အမြဲတမ်းနေအိမ်များ ဆောက်လုပ်ပေးခြင်း၊ နေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့့် ကလေးငယ်များကို လုံခြုံစိတ်ချရသည့့် ကျောင်း များနှင့့် စာသင်ခန်းများတွင် တက်ရောက်နိုင်စေရေး ဆောင်ရွက်ပေးခြင်းနှင့့် ပင်မ ဝင်ငွေဆုံးရှုံးခဲ့ရသည့့် မိသားစုများအတွက် အရေးပေါ်အသက်မွေးဝမ်းကျောင်း ထောက်ပံ့ငွေများပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် လူမှု အကာအကွယ်ပေးမှုအစီအစဉ်၏ အစိတ်အပိုင်းများဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပထမမဏ္ဍိုင်သည် ပြည်သူ့အရေးဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ကို  ပြောကြားလိုကြောင်း။
ဒုတိယမဏ္ဍိုင်ဖြစ်သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက် ခြင်းနှင့် စီးပွားရေးပြန်လည်ရှင်သန်စေရန်ကိုလည်း ‌ ဆောင်ရွက်နေကြောင်း၊ ငလျင် ကြောင့်ဖြစ်ပေါ်ရသည့် စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုများသည် ကြီးမားလှကြောင်း၊ လမ်းများသည် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး တံတားများ ပြိုကျခဲ့ကြောင်း၊ MSME များ မှအစ စက်ရုံအလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ကြကြောင်း။
သို့သော်လည်း အကျပ်အတည်းများထဲမှ အခွင့်အလမ်းများ ရှိနေသည်ကို မိမိတို့ သတိပြုရမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် ပြန်လည်တည်ဆောက်ရုံသက်သက် ကာလမဟုတ်ကြောင်း၊ ပိုပြီးကောင်းမွန်သည့် ပိုပြီးစိမ်းလန်းသည့်လူမှုဝန်းကျင်များကို ပြန်လည် တည်ဆောက်နိုင်မည့် အခွင့်အလမ်းများလည်း ရှိနေကြောင်း၊ မိမိတို့သည် ကြံ့ကြံ့ခံသည့်အခြေခံအဆောက်အအုံများဖြင့်ပြန်လည်ထူထောင်ရေးအမျိုးသားအဆင့် အစီအစဉ်ကို စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ပြည်တွင်း ရန်ပုံငွေများ၊ အစိုးရနှင့် ပုဂ္ဂလိကတို့၏ မိတ်ဖက်ဆောင်ရွက်မှုများ(public-private partnerships)နှင့် နိုင်ငံတကာအကူအညီများကို ထည့်သွင်း ပါဝင်စေပြီး အဓိကကျ သည့်နယ်ပယ်(၅)ခုတွင် ပြန်လည်ထူထောင်ရေးများ ဦးစားပေးလုပ်ဆောင်သင့် ကြောင်း။
ယင်းနယ်ပယ်များမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့်အများပြည်သူပိုင် အဆောက်အအုံများပင်ဖြစ်ကြ ကြောင်း၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မိမိတို့ သည်မြန်မာ့စီးပွားရေး၏ ကျောရိုးပမာဖြစ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း MSME များ ပြန်လည်ရှင်သန်လာအောင်လည်း အာရုံစိုက်လုပ် ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်း များမှတဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ကြမည် ဟုလည်း မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့သောဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဇုန် (Recovery zones)များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာ ရှိသည့် သက်သာခွင့်မက်လုံးပေးခြင်းနှင့် ESG-focused regulations ဟုခေါ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုး ရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေး အခြေခံသည့်လုပ်ထုံးလုပ်နည်းများကိုပါ ဖော်ထုတ် ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟုယူဆကြောင်း။
တတိယမဏ္ဍိုင်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ပြုခြင်း (Reform and Global Partnerships) အစီအစဉ်များပင်ဖြစ်ကြောင်း၊ ပြန် လည်ထူထောင်ခြင်းဟုဆိုလိုက်ပါက ရုပ်ပိုင်းဆိုင်ရာထက်ကျော်လွန်ပြီး အဓိပ္ပာယ် သက်ရောက်မှုရှိသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်အသစ်တည်ခြင်းတို့၏ လုပ်ငန်းစဉ်တစ်ခုဟု ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာ၌ မိမိ တို့သည် ကာလရှည်ချဉ်းကပ်မှုကြီးသုံးခုကို လုပ်ဆောင်သင့်ပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားရှိမှု၊ ငွေကြေးဘဏ္ဍာရေးအရ တာဝန်ယူမှုတာဝန်ခံမှုနှင့် အားလုံးခြုံငုံသည့် ဖွံ့ဖြိုးတိုးတက်မှုများပင်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်အသင့်ပြင်ဆင်ထားရှိမှုကို ချဉ်းကပ်လုပ်ဆောင်ရာတွင် မိမိတို့သည် သဘာဝဘေးအန္တရာယ်မြင့်မားမှုရှိနေသည့် နေရာပြ အမျိုးသားအဆင့် မြေပုံတစ်ခုကို နောက်ဆုံးအချက်အလက်များနှင့်အတူရေးဆွဲပြီး အခြေခံဆောင်ရွက် သင့်ကြောင်း၊ အချက်ပေးစနစ်များ စောစီးစွာတပ်ဆင်ကြရမည်ဖြစ်ပြီး ကယ်ဆယ်ရေး ဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်ပြီး ပြန်လည် ရေးဆွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှုဆိုရာတွင်လည်း မိမိတို့သည် ပြန်လည် တည်ဆောက်ရေးရန်ပုံငွေများ ခွဲဝေသုံးစွဲမှုများကို ထင်သာမြင်သာရှိစေရမည်ဖြစ်ပြီး အလေအလွင့်မရှိစေရေးနှင့် တိုးတက်ရေးအတွက် အမြဲစောင့်ကြပ်ကြည့်ရှုမည့် ယန္တရားများကိုလည်း ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တတိယချဉ်းကပ်မှုဖြစ်သည့် အားလုံးခြုံငုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဟူ သည်မှာ အမျိုးသမီးများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်သူအားလုံး ခြုံငုံပါဝင်စေမည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း။
မိမိတို့၏ ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြသည့်အခါ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် လို အပ်ကြောင်း၊ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်အတူ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း သုံးသပ်ပြော ကြားလိုကြောင်း၊ ပြန်လည်တည်ဆောက်ခြင်းဟူသည်မှာ ပြန်လည် နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင်လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးတည်ဆောက်ခြင်းလည်းဖြစ်သည်ဟု ပြောလိုကြောင်း၊ အနာဂတ်တွင် အခြေခံ အဆောက်အအုံများသည် ကြံ့ကြံ့ခံနိုင်ပြီး အုပ်ချုပ်မှုတွင် တာဝန်ခံမှုတာဝန်ယူမှုရှိသည့်၊ မျှတစွာဖွံ့ဖြိုးတိုးတက်သည့် အခြေခံကောင်းများ ရှိနေရမည်ဖြစ်ကြောင်း။
မိမိတို့အစီအစဉ်တွင် ပါဝင်ကြရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက် များအနေဖြင့် မိမိတို့ကိုထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar)အတွက် မိမိတို့နှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လို ကြောင်း၊ ယင်းအနာဂတ်မြန်မာနိုင်ငံကို ပိုပြီးစည်းလုံးညီညွတ်သည့်၊ ပိုပြီးခြုံငုံပါဝင်ကြ သည့်၊ အနာဂတ်ကိုအသင့်ဖြစ်နေမှု ပိုပြီးခိုင်မာနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ ပုံဖော်တည်ဆောက်လိုပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း။
မိမိတို့ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးသော အမျိုးသားအရင်းအနှီးများဖြစ်သည်ဟု ဂုဏ်ပြု ပြောကြားလိုကြောင်း၊ နိုင်ငံကို ပြန်လည်ထူထောင်ကြမည့်ခရီးရှည်တွင် မိမိတို့ ပြည်သူ များသည် မိမိတို့ကိုဦးဆောင်ခေါ်သွားမည့် ယုံကြည်မှုအလင်းတန်းများ ဖြစ်ကြသည်ဟု လည်း တင်စားပြောကြားလိုကြောင်း၊ မိမိတို့ ပြည်သူများအနေဖြင့် ဘေးအန္တရာယ် အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ကျရောက်လာသည့်အချိန်တွင် ယခုကဲ့သို့ “ We are Stronger, We are Together” ဟူသည့် စိတ်သဘောထား ခံယူချက်များကို ဆက်လက်မွေးမြူပြီး ကြံ့ကြံ့ခံကျော်လွှားပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာ ပုံဖော်ရာ၌ အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များအဖြစ် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အတွေးအမြင်များ၊ ဗဟုသုတများ၊ ရလဒ်ကောင်းများကို မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချမှတ်ရာ တွင် ထည့်သွင်းအသုံးပြုနိုင်အောင် ဝိုင်းဝန်းကြံဆောင်ပေးကြရန်နှင့် အနာဂတ်နိုင်ငံ တော်ကြီးကို ပိုမိုလှပသည့်အနာဂတ်ကို ပိုမိုထွန်းလင်းသောအလင်းတန်းများနှင့်အတူ ဖန်တီးပုံဖော်တည်ဆောက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားရာတွင်     မိမိအနေဖြင့် အနည်းငယ် ဖြည့်စွက်ဆွေးနွေး ပြောကြားလိုကြောင်း၊ သဘာဝဘေးဒဏ်များကြုံတွေ့ရမှုအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ပြီးချိန်နောက်ပိုင်း ရာသီဥတုဖောက် ပြန်မှုများကြောင့်သာမကဘဲ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများကိုပါ ကျော်လွှားခဲ့ရ ကြောင်း၊ အလားတူ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများကိုလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိကျော်လွှားခဲ့ရကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် အခက်အခဲများကို လည်းကျော်လွှားနေရဆဲဖြစ်ကြောင်း။
အလားတူ ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း တိုက်ခတ် မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးဒဏ် များကိုခံစားခဲ့ရကြောင်း၊ ယခုနှစ်မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့ကြောင်း၊ ငလျင်ဘေးဒဏ်ခံစားခဲ့ရ သည့် ဒေသများတွင် မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ ဒုတိယစီးပွားရေးအကြီးဆုံး မြို့တော်ဖြစ် ကြောင်း၊ ၎င်းဒေသ၌ အလတ်စားအဆင့် ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်းများ ရှိပြီး ငလျင်ကြောင့်ထိခိုက်ခဲ့ရကြောင်း၊ ဘိလပ်မြေနှင့်သံမဏိများသည် ပြန်လည်တည် ဆောက် ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်၍ အမြန်ဆုံး ပြန်လည်ပြုပြင်၍ လည်ပတ်နိုင်ရေးမိမိတို့အနေဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း၊  ထိုအချိန်တွင် ဘိလပ်မြေဈေးများမှာ မြင့်တက်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ သံနှင့်ပတ်သက်၍လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် ပြည်ပ နိုင်ငံများမှ အကူအညီများရရှိနိုင်ရေး မိမိအနေဖြင့် အသိပေးဆောင်ရွက်ခဲ့ခြင်းများရှိ ကြောင်း။
စက်ရုံအလုပ်ရုံများလည်ပတ်နိုင်ရေး ကုန်ကြမ်း၊ သွင်းအားစုများဖြစ်ကြသည့် လောင်စာနှင့် လျှပ်စစ်ဓာတ်အား၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် လုပ်အားများလိုအပ် ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဒေသတွင်းထုတ်လုပ်နိုင်သည့် ကုန်ကြမ်း များဖြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံချိန်များ၌ မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှု များကို မြန်မြန်ဆန်ဆန်ဆောင်ရွက်လာနိုင်မည်ဆိုပါက ပြည်တွင်း၌ ကုန်ပစ္စည်းများ ပေါများလာမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများလည်ပတ်မှုရှိနေပါက အလုပ်အကိုင် အခွင့်အလမ်းများပေါများပြီး ငွေကြေးလည်ပတ်မှုများကို ကောင်းမွန်လာစေကာ ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း မျှတကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများလည်ပတ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်အောင် မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒုတိယအကြီးမားဆုံး ကုန်ထုတ်လုပ် မှုလုပ်ငန်းနယ်မြေဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်း ပိုမိုအာရုံစိုက်၍ ဆောင် ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ GDP မှာနည်းပါးနေသေးကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပစ္စည်းများတွင် ပြည်ပသို့တင်ပို့ရောင်း ချနိုင်သည့် ပစ္စည်းများပိုမိုထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု၌ ၂ ဒသမ ၃ ဘီလီယံခန့် ပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြသမှုများပြား ကြောင်း၊ မိမိတို့အစိုးရလက်ထက် ၄ နှစ်အတွင်း ပထမနှစ် တွင် ကုန်သွယ်မှုပိုငွေပြပြီး ဒုတိယနှင့် တတိယနှစ်တို့တွင် ကုန်သွယ်မှု လိုငွေများပြခဲ့ကြောင်း၊ စတုတ္ထနှစ်တွင် ကုန်သွယ်မှုပိုငွေပြခဲ့ပြီး စုစုပေါင်း ၄ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေပြခဲ့ ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြမှုများကြောင့် နိုင်ငံ ခြားငွေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားရခြင်းများကို စိစစ်သည့် အခါတွင် ပြည်ပသို့ထွက်ခွာမှုများ များပြားသည်ကိုတွေ့ရပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြား ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများပြန်လည်ရရှိစေရေး စက်ရုံအလုပ်ရုံများ လည်ပတ်၍ ပို့ကုန်များပိုမိုတိုးတက်အောင်တင်ပို့နိုင်အောင် ထုတ်လုပ်သွားရန်လို ကြောင်း၊ ထို့ကြောင့် စက်ရုံ ၊ အလုပ်ရုံ လုပ်ငန်းများဆောင်ရွက်နေကြသူများအနေဖြင့် ပိုမိုလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိ၏ စီးပွားရေး နှင့်ပတ်သက်သည့်မူဝါဒမှာ “ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်” ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်တွင် ရောင်းအား များပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အရေအတွက်များများ ရောင်းချထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ ပြည်တွင်းထုတ်ကုန်များကိုလည်း အားပေးဆောင်ရွက် ကြရန်လိုကြောင်း၊ Non Trade မှ လိုငွေများတွင် ပြည်ပမှ တရားမဝင်ပစ္စည်း တင်သွင်းမှုများလည်းပါဝင်ပြီး တရားမဝင်ရောင်းဝယ်မှုများရှိကြောင်း၊ ပြည်ပမှမှာယူ တင်သွင်းသည့်ပစ္စည်းများပြားနေသည်ကို တွေ့မြင်နေရပြီး ယင်းနေရာတွင် ပြည်တွင်း ထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ၂၀၂၂ ခုနှစ်ခန့်ကတည်းက MSME လုပ်ငန်းများကို အားပေးဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အရည်အသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရကြောင်း၊ သို့သော် လည်း အဆိုပါထုတ်ကုန်ပစ္စည်းများသည် စားသောက်ကုန်ကို အခြေခံသည့် ထုတ်ကုန် ပစ္စည်းအများစုဖြစ်နေသည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့စီးပွားရေးကို အထောက်အကူ ပြုနိုင်မည့် MSME ထုတ်ကုန်ပစ္စည်းများကို ဆက်လက်တိုးမြှင့်ထုတ်လုပ် သွားကြရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့် ပတ်သက်၍ ငလျင်နှင့်ပတ်သက်၍ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံငွေများလိုအပ်မည်ဖြစ်ပြီး ပုဂ္ဂလိကနှင့်အစိုးရပူးပေါင်း၍ချေးငွေများဆောင်ရွက်ပေးနိုင်ရန်တင်ပြမှုများ ရှိကြောင်း၊ အတိုးများတွက်ချက်ရာတွင် Developing နှင့် Commercial ဟူ၍ရှိမည်ဖြစ်ပြီး Developing လုပ်ငန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်သွားရန်လိုအပ် မည်ဖြစ်ကြောင်း၊ Commercial နှင့်ပတ်သက်၍လည်း နှစ်ပိုင်းရှိမည်ဖြစ်ပြီး ငလျင်ဒဏ် သင့်ဒေသများတွင်ရှိသည့် Commercial အတိုးနှုန်းနှင့် အခြားဒေသများရှိ Commercial အတိုးနှုန်းဟူ၍ ဖြစ်ကြောင်း၊ ဖြစ်နိုင်သ၍အတိုးနှုန်း သက်သက် သာသာဖြင့် ဖြစ်စေရေး တာဝန်ရှိသူများ၊ အတွေ့အကြုံရှိသူများအနေဖြင့် ဆွေးနွေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများဆောင်ရွက်ပေးနိုင်ရေး ငွေကျပ် ဘီလီယံ ၇၀၀ ကိုလျာထားပြီး ရင်းနှီးမြှုပ်နှံ မှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေနှင့်ပတ်သက်၍လည်း မိမိတို့ထံတွင် လက်ကျန်ငွေ ကျပ် ၂၂၆ ဘီလီယံခန့်ရှိကြောင်း၊ ယင်းငွေများကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက် လည်းထုတ်ပေးသွားလိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေကို စက်ရုံ၊ အလုပ်ရုံများတွင် အကျိုးရှိရှိသုံးစွဲသွားနိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးပေး စေ လိုကြောင်း။
မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည်ဖြစ်သကဲ့သို့ တစ်ဖက် မှလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်သည့်နည်းလမ်းမှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန်ဈေးနှုန်းကျဆင်းရန်မှာ မည်ကဲ့သို့မျှမဖြစ်နိုင်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလို အား၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့မျှတအောင် မိမိတို့အရင်ဖြင့် ဦးစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဒေသတွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် စီမံကိန်းစီးပွားရေးစနစ်ကို သွားသည့်နိုင်ငံတစ်ခုမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်ကို သွားသည့်နိုင်ငံဖြစ် ကြောင်း၊ အစိုးရအနေဖြင့် မူဝါဒချမှတ်ပေးခြင်းသာဖြစ်ပြီး ပုဂ္ဂလိကများ၊ လုပ်ငန်း ရှင်များက လုပ်ဆောင်ရမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်နိုင်မှသာလျင် ကုန်ဈေးနှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေး၊ သောက်ရေးတို့အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပန်းတိုင်ရည်မှန်းချက်အထွက် နှုန်းများ ပြည့်မီအောင်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁၁ ဘီလီယံအထိ ဆုံးရှုံးမှုရှိနေကြောင်း၊ ထို့အတူ သီးထပ် စွမ်းအားများ ပြည့်မီရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်တက်လာမည်ဖြစ်ပြီး အရည်အသွေးပြည့်မီသည့်ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ပိုမိုတင်ပို့ သွားနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်တည်ရှိနေမှု အနေအထားအရ အိမ်နီးချင်းနိုင်ငံ များနှင့် ဒေသတွင်းနိုင်ငံများ၏ ကြီးမားသည့်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးသွားကြစေလိုကြောင်း။
ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ အဆောက်အဦများ၊ လမ်း၊ တံတားများ ရှိပြီး ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်အနာဂတ်တွင် အဆောက်အဦများ ဆောက်လုပ်ရာ၌ ရစ်ချ်စတာစကေး ၈ အဆင့်အထိ ခံနိုင်ရည် ရှိသည့် အဆောက်အဦများကို ဆောက်လုပ်သွားရန်မူဝါဒ ချမှတ်ပေးထားပြီးဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံသားများအတွက်သာဖြစ် ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ကွပ်ကဲသွားကြရန် လိုကြောင်း၊ ငလျင်သဘာဝဘေးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ငွေကြေးကုန်ကျမှုများကို မကြည့်ဘဲ ယခုထက်ပိုသည့်၊ စိတ်ချရသည့်၊ ခိုင်ခံ့မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု  ခံယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ငလျင်သဘာဝဘေး အလွန် ပြန်လည်ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ ဆောင်ရွက်ရန် လိုအပ်သည် ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် အကြံပြုတိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
    ယင်းနောက် သာသနာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာရှင်များက “မြန်မာပြည် ဇာမဏီ” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။ ၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
    အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မန္တလေးမြေငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ ပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။
    အဆိုပါ ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွား ရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလ တွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွား ရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေး အခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှထုတ်ကုန်ပစ္စည်းများကို ဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ မေ ၃၀ မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။