မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သောတပန်ရပ်ကွက်နှင့် နန်းဦး မြို့သစ်တို့ရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပုညရှင်စေတီတော်၊ သောတပန်ရပ်ကွက်ရှိ သကျဓိသာနှင့် ရွှေဟင်္သာကျောင်းတိုက် များရှိ သာသနိကအဆောက်အဦများ မိုးမကျမီ ဖယ်ရှာရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများနှင့် ပြန်လည်ပြုပြင် မွမ်းမံနေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီ ရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမရှေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စက်သုံးဆီးများရောင်းချ ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာ နှင့် ရွှေဂဲကျေးရွာကြားရှိ ငလျင်ဒဏ်ကြောင့် လမ်းဘေးရှိမြေသားများကွဲအက်၍ လမ်းသားမြေ နိမ့်ဆင်းသွားသော မန္တလေးမြို့ပတ်လမ်းနေရာတွင် စက်ယန္တရာကြီးများ ဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ယာဉ်များပုံမှန်သွားလာနိုင် သည်အထိ ပြုပြင်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ရွှေဂဲကျေးရွာရှိ ရေဆိုးထုတ်စက်ရုံသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီးခဲ့သည့် ရေဆိုး ထုတ်ပိုက်လိုင်းများ ပြန်လည်ပြုပြင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ အားလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီး ခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအားဖြိုချပြီး အပျက်အစီးများအပြီးသတ် ရှင်းလင်း နေမှုအခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော လောကထွဋ်ခေါင် ဖောင်တော်ဦးမြတ်စွာဘုရား၊ အမရပူရမြို့နယ်၊ တိုးချဲ့(၄)ရပ်ရှိ တြိရတနာမဟာအောင်မြေ မြတ်စွာဘုရား ခြောက်ဆူ ကုန်းတော်၊ မှန်တန်းရပ်၊ မေဃဝန်ဘုန်းကြီးကျောင်းအတွင်းရှိ မြစည်းခုံဘုရား တို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အပျက်အစီးများအား တပ်မတော် သားစစ်သည်များမှ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ရာတွင် သိမ်းဆည်းရရှိသော ဋ္ဌာပနာပစ္စည်းများအား စနစ်တကျ သိမ်းဆည်းထားရှိမှု အခြေအနေများ ကြည့်ရှု့စစ်ဆေးပြီး ကျောင်ထိုင်ဆရာတော်ကြီးအား အလှူငွေများ ဆက်ကပ်လှူဒါန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ ဇော်ဂျီရေထိန်းဆည်မြောင်း တာတမံ ဖို့ခြင်း လုပ်ငန်းများအားလည်းကောင်း၊ ဆူးကုန်းရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးဝန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်းတို့တွင် Modular Container House များဖြင့် (ယာယီ)ရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေ များနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ကျောက်ဆည်မြို့နယ်အတွင်းလုံးဝပြိုကျပျက်စီးသွားသည့် အိမ်ခြေများအား ကယ်ဆယ် ရေးပစ္စည်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများအား နိုင်ငံတော်မှ အင်တိုက်အားတိုက် ကူညီစောင့်ရှောက်ပေးနေသည့် အတွက် အားလုံးဝိုင်းဝန်း၍ မူလအခြေအနေထက်ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ငလျင်ဒဏ် သင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်း(၁၆)မျိုး ပါဝင်သော ထောက်ပံ့ပစ္စည်းအိတ်များအားပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ကို တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ သိရှိမေးမြန်းလိုသော အချက်များနှင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့တွင် Prefabricated Houseများ ဆောက်လုပ်နေမှုအခြေအနေများနှင့် ကျောင်းစာသင်ဆောင်များ ပြန်လည်ပြုပြင်နေမှု အခြေအနေတို့အားလည်းကောင်း၊ ကျောက်ဆည်မြို့၊ ရွှေသိမ်တော်ဘုရားဝန်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် သံဃာတော် များ ဓမ္မာစရိယစာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၃၀ ရက်
Friday, May 30, 2025 - 15:45