ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၂၉ ရက်

Thursday, May 29, 2025 - 19:15

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည်  ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊   သောတပန်ရပ်ကွက်နှင့်   နန်းဦး မြို့သစ်တို့ရှိ  ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ အပျက်အစီးများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရား အင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက လုပ်အားပေး ရှင်းလင်းဖယ်ရှား နေမှုများနှင့် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်တာဝါတိုင်စခန်းသို့ သွားရောက် ၍ တာဝါတိုင်ကြံခိုင်မှု၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ ငလျင်ဒဏ်သင့် နေအိမ် အဆောက်အအုံ အပျက်အစီးများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများကို  ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ပေါင်းလဲကြီး(မဟာရွှေသာလျှောင်း) မြတ်စွာဘုရားနှင့် နဂါးရုံဘုရားတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပြီးစီးမှု၊  ရှေးဟောင်းစေတီအပျက်အစီးများအား ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိရသော ဌာပနာတော်များ ထိန်းသိမ်းထားရှိမှုတို့ကို သွားရောက်ကြည့်ရှု၍   အလှူငွေပေးအပ်လှူဒါန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် မဟာအောင်မြေမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီး ခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအား ဖြိုချပြီး အပျက်အစီးများ အပြီးသတ် ရှင်းလင်းနေမှု၊ ဖြိုချဖျက်ဆီးဆဲအန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီး များအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး  ဆောင်ရွက်နေမှုများကို  လိုက်လံကြည့်ရှုစစ်ဆေး၍   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လွန်ကဲတံခါး၊  ပြဿဒ်နေရာများနှင့်    ကျုံး၏ အရှေ့တောင်ထောင့်ရှိ ငလျင်ဒဏ်ကြောင့် မြေအောက်သို့ နိမ့်ဝင်သွားသော နတ်ကွန်း အား ပြန်လည်မတင်ခြင်းလုပ်ငန်းများ၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်၊  ကွမ်းသီးတန်းရပ်နှင့်   ချမ်းအေးသာစံ မြို့နယ်၊ အောင်နန်းအနောက်ရပ်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အပျက်အစီးများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

            အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်  သည်ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်း၌ မုခ်ဦးပြုပြင်နေမှု များ၊ စာချကိုယ်တော်များအတွက် ကျောင်းဆောင်နှင့် ဆွမ်းစားဆောင် ကြမ်းခင်းများ ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်အားပေး ဆောင်ရွက် နေသူများ အား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်း နှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းသည်။

            ၎င်းနောက် ကျောက်ဆည်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(မြင်စိုင်း) ကျောင်းဝန်းအတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၊ အင်ရောင်းကျေးရွာရှိ အင်ရောင်းဆေးဝါး စက်ရုံတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုနှင့် ပြန်လည် ပြုပြင်နေမှု၊  မင်းစုကျေးရွာရှိ အိမ်သုံးစတီးပစ္စည်း စက်ရုံ(မင်းစု)တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု   စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြကျေးရွာအုပ်စု၊ မက္ခရာကျေးရွာ၊  မက္ခရာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီတော်ကြီးများ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု တို့ကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။