NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာန အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင် လျက်ရှိသောနေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများ အလစ်အငိုက်လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်း မှ ကလိ ခရီးစဉ် အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၇)အဆန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်း ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၂၃-၂၄ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၈ နာရီ ၄၅ မိနစ် အချိန်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက် ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့ မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်း နားနေတွဲနှင့် ကျောက်တွဲ(၅)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားကြောင်းသိရှိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား နံနက် ၈ နာရီ ၅၁ မိနစ်အချိန်တွင် လမ်းပိုင်းအား ခေတ္တပိတ်သိမ်း၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန် ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးရထားသည် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် သိမ်ဇရပ်ဘူတာသို့ ရောက်ရှိရပ်နားထားသည်။ ထို့အတူ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန်ရထားသည် ယနေ့ နံနက် ၉ နာရီ ၇ မိနစ်အချိန်တွင် သဲဖြူကုန်းဘူတာသို့ ရောက်ရှိရပ်နားထားသည်။ မြန်မာ့မီးရထားက အဆိုပါ ရထားများအား ခရီးအစဘူတာများ ဖြစ်သည့် ရန်ကုန်နှင့် မော်လမြိုင်ဘူတာသို့ ပြန်လည်ထွက်ခွာပြီး ခရီးသည်များအား လက်မှတ်ခ များ ပြန်လည်ပေးအပ်ကြောင်းသိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်း နှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထား ပို့ဆောင်ရေးစနစ်အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။