ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံ တော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင် သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ဆည်းပူးခြင်း
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာ တော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်တို့ကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာသရဖူတော်ကြီးနှင့် ဌာပနာ တော်များကို သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ် ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် အခမ်းအနားတက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာ တော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် (တောင်ကြီး) ဒုတိယပါမောက္ခချုပ် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိစိတ္တာဘိပါလ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဌာပနာတော်သွင်းလှူပူဇော်ခြင်း
ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် သတ်မှတ်နေရာအသီးသီးတွင် နေရာ ယူ၍ ရတနာသရဖူတော်ကြီးနှင့် ဌာပနာတော်များကို လက်ဆင့်ကမ်းပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် ပင့်ဆောင် ပူဇော်ကြသည်။
ထို့နောက် ဆရာတော်ကြီးများနှင့် ဘုရားဒါယကာများက ဌာပနာတော်တိုက်သို့ ကြွရောက်တော်မူကြပြီး မင်္ဂလာအချိန်တွင် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာ တောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရတနာသရဖူတော် ကြီးနှင့် ဌာပနာတော်များကို သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များဖြင့် ပက်ဖြန်း ပူဇော်သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဆိုပူဇော်ကြပြီး ဘုရားဒါ ယကာများနှင့် ဗိသုကာပညာရှင်များက ဌာပနာတော်တိုက်ကို ပိတ်ကြသည်။
ဆက်လက်ပြီး အခမ်းအနားမှူးက “အောင်ဆုမင်္ဂလာအမျှဝေစာတမ်း” ကို ဖတ် ကြား၍အမျှပေးဝေခြင်းနှင့်နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်ပြီးနောက် လောကသရဖူ စေတီတော် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး တို့က လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်းအဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လောကသရဖူစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
သီလဓမ္မဆေးရုံတော်ဖွင့်လှစ်ခြင်း
ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဉာဏသိရီက သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ရ ခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ကျိုင်းတုံဒေသခံ၊ အာခါတိုင်းရင်းသားလူမျိုး အကြီးအကဲ ဦးမင်းညို က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် မင်္ဂလာအချိန်ရောက်သည့်အချိန်တွင် ဝစီပိတ်ဆရာတော်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကို မင်္ဂလာဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီလဓမ္မဆေးရုံတော် မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးက မင်္ဂလာ မော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီလဓမ္မဆေးရုံတော်အတွင်း လှည့်လည်ကြည့်ရှု၍ သီလဓမ္မ ဆေးရုံတော်တည်ဆောက်မှုနေစဉ်ကာလအတွင်း သီလဓမ္မဆေးခန်းဖွင့်လှစ်ကုသပေးခဲ့ မှုအခြေအနေများ၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်လက်ရှိကာလအထိ ပြင်ပလူနာအဖြစ် ကုသပေးခဲ့မှုအခြေအနေများ၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်း သား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွား ကျန်းမရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် သီလဓမ္မဆေးရုံတော်ကို တည်ဆောက်ခဲ့မှုအခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင်၌ လူနာများကုသရာ တွင် ပြည်တွင်း၊ပြည်ပမှအထူးကျွမ်းကျင်သည့်ဆေးပညာရှင်များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးတိုင်ပင်ကုသခြင်းစနစ် (Teleconsultation)ဖြင့် ဆေးကုသမှုများဆောင်ရွက် ပေးထားရှိမှုနှင့် လူနာခန်းများ၊ ခွဲစိတ်ကုသခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာ ဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် (ပန်ကွဲ) ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော်၊ မေ - ၂၄
Saturday, May 24, 2025 - 16:30